Tuesday, January 20, 2015

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှ တိုင်းရင်းသားမွတ်စလင်တို့၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်

       တောင်ငူမြို့သည် ပဲခူးတိုင်း အရှေ့မြောက်ဘက်အစွန်း စစ်တောင်းမြစ်ကမ်းဘေးတွင် တည်ရှိသည်။ ခရိုင်အဆင့်ရှိ မြို့ဖြစ်သည်။ ရှေးဟောင်း မင်းနေပြည်တော်၏ လက္ခဏာ အုပ်မြို့ရိုး၊ ကျုံး ၊ ရှေးဟောင်းစေတီပုထိုးများ ၊ ရဟန်းတော်များ၏ ကျောင်းတိုက်များ၊ ခရစ်ယာန်ဘုရားကျောင်းများ ၊ အစ္စလာမ်သာသနာ ဗလီဝတ်ကျောင်းတော်များ ၊ ဟိန္ဒူ  သာသနာ့ဘုရားကျောင်းများ တည်ရှိနေမှုက ၊  လူမျိုးထွေထွေ၊ မျိုးနွယ်အသီးသီး၊ ကိုးကွယ်ယုံကြည်မှု စုံလင်လှ၍၊ ပန်းဥယျာဉ်သဖွယ် လှပတင့်တယ်သကဲ့သို့  လူသားချင်း စာနာထောက်ထားမှု ၊ သာသနာရေးအရ ကျဉ်းမြောင်းသည့် စိတ်ထား ကင်းမဲ့မှု Religious Tolerance တွေ့ရပြီး သည်းခံစာနာစိတ်မှာ မျိုးရိုးဗီဇလက္ခဏာ Genetic Character အရ သန္ဓေစိတ်ကို သိနားလည်ခဲ့ရသည်။
       ထိုအကောင်းမြင်စိတ်မှာ တိုင်းပြည်နှင့် လူမျိုးအတွက် စိတ်ကောင်းနှလုံးကောင်းဖြင့် တာဝန်ကျေပွန်သူတို့၏ မျိုးဆက်တို့တွင် ကိန်းဝပ်လျက်ရှိသည်။ ဘိုးဘေးစစ်သည်တို့မှာ စစ်မြေပြင်၌သာ အချိန်ကုန်ခဲ့ရသည်။ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အရှင်၏ အမှုတော်ကို ဦးဆွေးဆံမြည့် ထမ်းဆောင်ရန်ပင် ဖြစ်သည်။ မိမိနှင့်အတူ တာဝန်ထမ်းဆောင်ကြသူများကို Unity in diversity မတူကွဲပြားခြားနားသော်လည်း ညီညွတ်မှု ဖွဲ့စည်းခြင်းပြုပြီး ညီရင်းအကို ၊ ရဲဘော်ရဲဘက်စိတ်ဓါတ်ဖြင့် အသက်သွေး၊ မျက်ရည်၊ ချွေး ပေးဆပ်ခဲ့ကြသည်။ မင်းနေပြည်တော်တွင် အရှင်မင်းကြီး အသက်စောင့်ရှောက်ရန် ၊ အတွင်းကိုယ်ရံတော် ၊ အပြင်ကိုယ်ရံတော်နှင့် ရွှေထီးရွှေန်း လုံခြုံမှုအတွက် နန်းမြို့ရိုး အတွင်းအပြင် ကာကွယ်စောင့်ရှောက်ခဲ့ကြသည်။ ထိုထိုသော နေရာများပင် အခြေစိုက်နေထိုင်ခွင့် သာသနာရေးဆိုင်ရာ ကျင့်သုံးဆောင်တည်ခွင့်ပေးသနားတော်မူခဲ့သည်။
       တိုင်းရင်းသား အစ္စလာမ်သာသနာဝင်များ အတိတ်သမိုင်း စီစစ်သော် ၁၉၉၇ - ခု ၊ နိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် သာသနာ့ရောင်ဝါထွန်းစေဖို့ ပထမအကြိမ် စာမျက်နှာ ၆၅-၇ ခုတွင် ပျူဂါမား(နောင် ပုဂံ) ဘုရင် ပိတ်သုံး မင်းလက်ထက်ပင် ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။
       ပိတ်သုံးမင်းနှင့် အနော်ရထာမင်းတို့မှာ မင်း(၂၁)ဆက်ကွာခြားပြီး နှစ်ကာလအားဖြင့် (၃၉၂)နှစ် ကွာခြားခဲ့သည်။ နှစ် (၄၀၀)ခန့် ဖြစ်သည်။
       ပထမ မြန်မာနိုင်ငံတော် စတင် တည်ထောင်သည့် အနော်ရထာ (ခရစ်နှစ် ၁၀၄၄ - ၁၀၇၇)လက်ထက် အုပ်ချုပ်ရေး (၁၅) နှစ်တာ ကာလအတွင်း မိတ္ထီလာကန်ဆည်ဖို့ တည်ဆောက်ရေးတွင် ပသီအမျိုးသား လက်နက်ကိုင်တပ်သား (၁၀၀၀)ပါဝင်ခဲ့ကြောင်း ဟံသာဝတီ ဦးဘရင်၏ မြန်မာ့ယဉ်ကျေးမှုနှင့် လယ်သမားရေးရာ စာအုပ် စာမျက်နှာ ၂၅ တွင် ဖော်ပြထားသည်။
       တောင်ငူမင်းဆက် မင်းခေါင်အနော်ရထာ လက်ထက် (၁၄၀၁ - ၁၄၂၁)တွင် ဒုတိယအကြိမ် မိတ္ထီလာကန်ဆည် ခိုင်ခန့်စေရန် တာဘောင်များဖို့ရာတွင် ပသီလက်နက်ကိုင်တပ် (၁၀၀၀) ၊ ရွေးလက်ျာတပ်သား (၁၀၀၀) လိုက်ပါဆည်ဖို့ခဲ့ကြောင်း ၊ ကင်းဝန်မင်းကြီး ဦးကောင်း စာပေါင်းစု စာမျက်နှာ ၈၆ တွင် တွေ့ရသည်။ အစ္စလာမ်ဘာသာကို အကြောင်းပြုကာ လူမျိုးဖန်တီးခြင်းမဟုတ် ၊ လူမျိုးပေါ်ထွန်းရာ နိယာမအရ၊ လူမျိုးအချင်းချင်း ယှက်နွယ်ကာ Racial Admixture အခြေခံတရားကြောင့်၊ သဘာဝတရားအရ လူမျိုးသစ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုအစုအဝေး၏ စရိုက်လက္ခဏာမှာ မူးယစ်ဆေးဝါး အရက်သေစာသောက်စားခြင်း ခွင့်မပြု၊ အသေသားနှင့် အတိုးအညွှန်စားခြင်း ခွင့်မပြု၊ ဘုန်းတော်ကြီး ဝါဒ မရှိသကဲ့သို့ ကျန်းမာရေးအတွက် ဝက်သားစားခြင်းကို တားမြစ်ထားသည်။
       ကွင်းဆင်း သုတေသနပြုရာတွင် ပြည်ထောင်စုဘွား တိုင်းရင်းသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး သိရှိနားလည်ရေး ၊ ယဉ်ကျေးမှုမြှင့်တင်ရေး၊ ထိန်းသိမ်းရေးများမှာ အထူးလိုအပ်လျက်ရှိရာ Research တွင် လူအစုအဝေးတစ်ရပ်အား ထိန်ချန်ထားခြင်းသည် သမိုင်းမမည်။ တိုင်းရင်းသားလူမျိုးစုအသီးသီး၏ ယဉ်ကျေးမှုများကို မူရင်းအတိုင်း လေ့လာထိန်းသိမ်း မှတ်တမ်းတင်ထားရမည်။
       တောင်ငူမြို့တွင် အစ္စလာမ်သာသနာဝင်အိမ်ထောင်စု (၇၀၇၅) ၊ လူဦးရေ (၂၁၀၉၂) ဗလီဝတ်ကျောင်းတော် (၁၄)လုံး ဆိုခြင်းသည် အမျိုးသားရေး စရိုက်လက္ခဏာ ၊ ယဉ်ကျေးမှုဖော်ကျူးနေပေသည်။
***************

တောင်ငူမြို့ အစ္စလာမ်ဝင် အိမ်ခြေ(၇၀၇၅) လူဦးရေ (၂၁၀၉၂)ယောက်ကျော်ရှိသည်။
သာသနာရေးအရ ဝတ်ပြုဆုတောင်းရန် ဗလီဝတ်ကျောင်းတော်များမှာ-

  1. ငွေဇင်ဂျာမေဝတ်ကျောင်းတော်
  2. ကန်တော်ဗလီဝတ်ကျောင်းတော်
  3. မကျီးချိုဗလီဝတ်ကျောင်းတော်
  4. ဟံသာဝတီဝတ်ကျောင်းတော်
  5. ကာကာဗလီဝတ်ကျောင်းတော်
  6. ဒရကာဗလီဝတ်ကျောင်းတော်
  7. ရှီအာဗလီဝတ်ကျောင်းတော်
  8. မီးရထားဗလီဝတ်ကျောင်းတော်
  9. မြို့ကြီးဗလီဝတ်ကျောင်းတော်
  10. သရက်မှော်ဗလီဝတ်ကျောင်းတော်
  11. မိုးကောင်းဗလီဝတ်ကျောင်းတော်
  12. ကြာနီကန်(ဒရကာ)ဗလီဝတ်ကျောင်းတော်
  13. စစ်တပ်ဗလီဝတ်ကျောင်းတော်
  14. က = ကျောင်းဗလီဝတ်ကျောင်းတော်
*****************
 


No comments:

Post a Comment