Saturday, February 21, 2015

ကျမ်းမြတ်ကုရ်အာန်နှင့် ဗုဒ္ဓမြတ်စွာ

 ကျမ်းမြတ်ကုရ်အာန်နှင့် ဗုဒ္ဓမြတ်စွာ
~~~~~~~~~~~~~~~~~~~~~

    "ငါအရှင်မြတ်သည် သဖန်းပင်ကိုလည်းကောင်း၊သံလွင်ပင်ကို လည်း
ကောင်း၊ သိနတောင်ကိုလည်းကောင်း၊ ဤဘေးရန်ကင်းသော မြို့တော်ကို
လည်းကောင်း သက်သေထူတော်မူ၏။"
    ဧကန်မလွဲ ငါအရှင်မြတ်သည် လူသားကို အကောင်းဆုံးပုံစံနှင့် ဖန်ဆင်း
တော်မူ၏။ ထို့နောက် ငါအရှင်သည် လူသားအား အညံ့တကာတို့ဝယ် အညံ့
ဆုံးအဖြစ်သို့ ဆိုက်စေတော်မူ၏။ (ကျမ်းမြတ်ကုရ်အာန် ၉၅း၁-၅)
    ဤပါဒတော်တွင် လေးခုသော နေရာဌာနတို့ကို သက်သေထူထား
သည်။ ဋီကာရှင်အချို့က သဖန်းပင်(ညောင်မျိုးနွယ်)က "ဗုဒ္ဓ"ကို လည်း
ကောင်း၊ သံလွင်က "ခရစ်တော်"ကို လည်းကောင်း၊ သိနတောင်က "တမန်
တော်မူဆာ(မောရှေ)"ကို လည်းကောင်း၊ ဘေးရန်ကင်းသောမြို့(မက္ကာ)က
"တမန်တော်မုဟမ္မဒ်"ကို လည်းကောင်း၊ အသီးသီး ကိုယ်စားပြုချက်ဟု
ဆိုထားသည်။ ကမ္ဘာ့ဘာသာကြီး လေးဘာသာဖြစ်သည့် ဗုဒ္ဓဘာသာ၊ ခရစ်
ယာန်ဘာသာ၊ ဂျူးဘာသာနှင့် အစ္စလာမ်ဘာသာတို့ကို ကိုယ်စားပြုထားသည့်
သဘောပင်။ ဤပါဒတော်တွင် ဗုဒ္ဓကို ပထမဆုံး ရည်ညွှန်းတော်မူထားသည်။
ညောင်ပင်ရိပ်ဝယ် သဗ္ဗညုတဉာဏ်တော် ရရှိခဲ့ပုံကို ဆိုလိုပေသည်။
    အောက်ဖော်ပြပါ ပါဒတော်မှာလည်း ဘုန်းတော်ကြီးကျောင်း ဟူ၍
ဗုဒ္ဓဘာသာဆိုင်ရာ သာသနိကအဆောက်အအုံကို ပထမနေရာမှ ဆိုထား
သည်ကို သတိပြုပါ။
    "စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် လူအချို့၏ အကြမ်း
ဖက်မှုအပေါ် လူအချို့အားဖြင့်သာ တွန်းလှန်ဖယ်ရှား ခြင်းပြုတော်မူခဲ့
ပါလျှင် ဘုန်းတော်ကြီးကျောင်းများသည်လည်းကောင်း၊ ခရစ်ယာန်ဝတ်
ကျောင်းမျာသည် လည်းကောင်း၊ ရဟူဒီ ဝတ်ကျောင်းများသည် လည်း
ကောင်း ဖြိုဖျက်ခြင်းခံကြရမည်အမှန်ပင်။"
            (ကုရ်အာန်။ ဟဂ်ျပြုခြင်းကဏ္ဍ ၂၂း၄၀)
    ဘာသာတရား၏ အဆုံးအမကို သတိလွတ်နေသူတို့ လုပ်ရပ်ကို
တရားသိသူတို့က ဟန့်တားရမည့်လမ်းညွှန်ပင်။
    "အသင်သည် အစ္စမာအီလ် အီဒရိစ် နှင့် ဇွလ်ကိဖ်လ်တို့၏ အတ္ထုပ္ပတ္တိ
အကြောင်းများကို ထုတ်ဖော်ပြောကြားပါလေ။ သူတို့တစ်တွေသည်
အကောင်းဆုံးသော သူတို့အနက်မှပင်ဖြစ်သည်။"
            (ကုရ်အာန်။ နဗီတမန်တော်များကဏ္ဍ ၂၁း၈၅)
    "အသင်သည် အစ္စမာအီလ်၊ အလ်ယစအ်နှင့် ဇွလ်ကိဖ်လ်တို့၏
(အကြောင်း အတ္ထုပ္ပတ္တိများ)ကိုလည်း စဉ်းစား သတိရပါလေ။ သူတို့
တစ်တွေသည် အကောင်းဆုံးသောသူတို့အနက်မှပင်ဖြစ်သည်။"
            (ကုရ်အာန်။ဆွာဒ်ကဏ္ဍ ၃၈း၄၈)
    ကျမ်းမြတ်ကုရ်အာန်တွင် ဋီကာရှင်အချို့က ဇွလ်ကိဖ်လ်ကို ဗုဒ္ဓမြတ်စွာ
ဟူ၍ ဖွင့်ဆိုကြပါသည်။ တမန်တော်ယူနွတ်စ်ကို ကျမ်းမြတ်ကုရ်အာန် ၂၁း၈၇
မှာ ဇွန်နွန် "ငါးတို့၏ အရှင်သခင်" Lord of the fish ဟု ဆိုထားသလိုပင်။
ဇွလ်ကိဖ်မှာ Lord of Kapilavastu "ကပ္ပိလဝတ်၏ အရှင် သခင်"ဟူ၍
ကောက်ယူကြပါသည်။ (၅)
    ပါကစ္စတန်နိုင်ငံဖြစ်ပေါ်ရေး စတင်တွေးတောခဲ့သည့် အရှေ့တိုင်း
စာဆိုတော်ကြီး ဒေါက်တာ(အစ်(က)ဗာလ်က "ဘန်ဂေဒရာ" အမည်ရှိ
အလွန်ကျော်ကြားသော အူရဒူကဗျာစာအုပ်တွင် ကဗျာတစ်ပုဒ် ဖွဲ့သီခဲ့
သည်။ ၎င်းကဗျာကို အောက်တွင် တင်ပြပါအံ့။

    ၁။ ဒို့(အိန္ဒိယ)လူမျိုးများသည် ဂေါတမကိုယ်တော်၏ ကြွေးကြော်သံကို
        ဂရုမပြုခဲ့ကြပါတကား။
        မိမိတို့နယ်မြေတွင် ပေါ်ပေါက်ထွန်းကားခဲ့သည့် အဖိုးမဖြတ်နိုင်
        သော ရတနာကို လေးစားမှုမပြုတတ်ပါတကား။

    ၂။ မှန်ကန်မှု၏ အသံကို မသိတတ်ခြင်းသည် ကံဆိုးခြင်းပင် ဖြစ်
        ပေသည်။
        အို-အဘိဇ္ဇာဖုံးလွှမ်းနေသူ၊ သီးနှံ၏အရသာဖြင့် သစ်ပင်၏တန်ဖိုးကို
        အသင် သေချစွာ သိရှိနိုင်ပေသည်။

    ၃။ ဗုဒ္ဓကိုယ်တော်သည်ကား လူ့ဘဝ၏အကျိုးတရား အကြောင်းတရား
        ကို ဖွင့်ဟမြွက်ကြားပြသခဲ့သည်။
        သို့သော် အိန္ဒိယပြည်မှာကား အဓိပ္ပာယ်ပင်းမဲ့သည့် ရှေး အယူ
        အတွေးအခေါ်များပေါ်တွင် မာန်မာန ထားခဲ့ပေသည်။

    ၄။ အမှန်တရားဖြင့် လင်းရောင်ခြည်ရရှိနိုင်သည့် ပတ်ဝန်းကျင်ကား
        မရှိခဲ့ပေ။
        မင်္ဂလာတရားတော်၏မိုးကား ရွာသွန်းပါ၏။ သို့သော် မြေသြဇာကား
        မကောင်းခဲ့ပေ။

    ၅။ အို ဖြစ်လေစွတကား၊ အိန္ဒိယပြည်ကြီး၏ဖြစ်စဉ်မှာ ဝမ်းနည်း ဖွယ်
        ကောင်းလေစွ။
        ဤနယ်မြေသည်ကား လူသားအချင်းချင်း ကြင်နာမှုကင်းမဲ့ခဲ့လေစွ
        တကား။

    ၆။ ဗြဟ္မဏဝါဒီကား ယနေ့တိုင် (ဇာတ်ဝါဒဖြင့်) မူးယစ်လျက်ရှိနေ
        တုန်းပင်။
        ဂေါတမကိုယ်တော်၏ လင်းရောင်ခြည်သည်ကား နိုင်ငံ ရပ်ခြား
        ဒေသများတွင် တောက်ပလျက်ရှိလေသည်။

    အထက်ပါ စာပိုဒ်များသည် ဆစ်(ခ)ဘာသာသာသနာ တည်ထောင်သူ
ဂုရုနာနတ်သခင်ကြီးအား ချီးကျူးဂုဏ်ပြုရေးသားသည့် ကဗျာတွင် ပါရှိလေ
သည်။ ဆိုလိုရင်းအကျဉ်းချုပ်မှာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့၏
အခြေခံသွန်သင်ချက်တစ်ရပ်မှာ လူသားအချင်းချင်း ဇာတ်ကြီး ဇာတ်ငယ်
မရှိအပ်။ ချုပ်ချယ်မှုမရှိအပ်ဘဲ သာတူညီမျှစနစ်ဖြင့် လူ့သိက္ခာ မြှင့်တင်ရေးပင်
ဖြစ်ပေသည်။ ကွဲပြားခြားနားသော အချက်အလက်များ တရားဥပဒေများရှိနေ
သော်လည်း အဆိုပါ သာသနာများသည် လူတို့၏ သိက္ခာမြှင့်တင်ရေး သာတူ
ညီမျှမှုရှိစေရေး သွန်သင်ချက်များတွင် တူညီမှု ရှိပေသည်။
    ၁၉၆၂ ခုနှစ် ဒီဇင်ဘာလထုတ် ဗမာမွတ်စလင်စာစောင်တွင် ဆရာကြီး
ဦးမောင်ကို ဂဖာရီက "ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်တို့
ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာမွတ်စလင်နှင့် မြန်မာ ဗုဒ္ဓဘာသာဝင်များ
စဉ်းစားဖွယ်" ဆောင်းပါးတွင်-
    "...စာရေးသူ၏ ရည်ရွယ်ချက်မှာ ဘုရားမဲ့ တရားမဲ့ဝါဒများ ကမ္ဘာ
အနှံ့အပြားတွင် ပျံ့နှံ့လွှမ်းမိုးလာနေသည့် ဤခေတ်ကာလတွင် မြန်မာ
ပြည်၏ အဓိက ဘာသာကြီး ၂ ခုဖြစ်သော ဗုဒ္ဓဘာသာနှင့် အစ္စလာမ်
ဘာသာတို့၏ အင်အားစုများပူးပေါင်း ဆောင်ရွက်နိုင်သည့် အခြေခံများကို
ဖော်ထုတ်ရန်ဖြစ်သည်။
    ဗုဒ္ဓဘာသာဝင်များ မှန်ကန်တိကျစွာ မိမိတို့ဘာသာ သာသနာ၏ ဆုံးမ
သြဝါဒများကို လိုက်နာကျင့်သုံးလာနိုင်အောင် သာသနာပြုရာ၌ မွတ်စလင်တို့
အနေနှင့် ကူညီအားပေးသင့်သည်။ အလားတူ မွတ်စလင်များ မိမိတို့
ဘာသာသာသနာ၏ သွန်သင်မှုများကို လိုက်နာအောင်ကြိုးပမ်းရာ၌ ဗုဒ္ဓဘာသာ
ဝင်တို့က အားပေးကူညီသင့်ပေသည်။
    ကျွန်ုပ်တို့သည် ဆွေမျိုးသားချင်းများဖြစ်ကြသော မြန်မာဗုဒ္ဓဘာသာ
ဝင်တို့၏ ကောင်းမြတ်သော ဘာသာရေးကြိုးပမ်းမှုများကို အမြဲတစေ အား
ပေး ခဲ့ရပေသည်။
    မိမိတို့သက်ဝင်ယုံကြည်သော ဘာသာတရားပေါ်တွင် သစ္စာရှိသူများ
က အခြားဘာသာတရားများကို အားပေးကူညီလျှင် လူတိုင်းကျေနပ် နှစ်သိမ့်
ပေမည်။
    မိမိတို့ဘာသာတရားပေါ်တွင် သစ္စာမရှိဘဲ အခြားသူတို့၏ ဘာသာ
ရေး ဆောင်ရွက်ချက်များကို အားပေးကူညီလျှင်မူ မှန်သည်ဟု မည်သူမျှ
ယူဆမည်မဟုတ်ပေ။ မိမိ၏ ဘာသာတရားနှင့် ဆန့်ကျင်သည့် လုပ်ငန်း
မျိုး၌မူကား အခြားဘာသာဝင်များအား ရိုင်းပင်းကူညီရန် လုံးဝမသင့်ပေ။
လွတ်လပ်စွာ အခြားသူတို့သည် မိမိတို့ယုံကြည်ချက်ကို ဆောင်ရွက်နိုင်
ရေးသာ လိုလားအပ်ပေသည်။
    သံဃာအဖွဲ့များနှင့် အိုလမာအဖွဲ့များသည် တိုင်းပြည်တွင်း၌ပေါ်ပေါက်
သော မကောင်းမှုဒုစရိုက်များကို ပူးပေါင်းတိုက်ခိုက်ရန်ကြိုးပမ်းသင့်ပေသည်။
    ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ အချင်းချင်း ဆေးမျိုးညာတကာများ
ဖြစ်ကြသည့် မြန်မာဗုဒ္ဓဘာသာဝင်များနှင့် မြန်မာ အစ္စလာမ် ဘာသာဝင်များ
ရိုးသားစွာ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေခံများကို ဖော်ထုတ်
ဆွေးနွေးရန်ပင် ဖြစ်ပေသတည်း"ဟု ရေးသားတိုက်တွန်းထားပေသည်။
    အစ္စလာမ်သည် ဘာသာတရားတိုင်း၏ ယဉ်ကျေးမှုများကို လေးစားမှု
နှင့် ပတ်သက်ပြီး သမိုင်းသက်သေ တစ်ရပ်မကရှိပေသေးသည်။




အဇ္ဈတ္တအတွင်း ရန်သူကို ဆန့်ကျင်သည့် ဂျီဟာဒ်

အဇ္ဈတ္တအတွင်း ရန်သူကို ဆန့်ကျင်သည့် ဂျီဟာဒ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~

    မိမိကိုယ်မှ စိတ်ဆိုးစိတ်မိုက်များ၏ ဆွဲငင်အားကို တွန်းလှန်ချေမှုန်း
ပစ်သည့် ဂျီဟာဒ်ကမူ ထာဝရဂျီဟာဒ်မည်ပါသည်။
    ယင်းလောဘ၊ဒေါသ၊ရာဂ၊တဏှာ၊ကလဲ့စားချေမှုနှင့် ဝန်တို မစ္ဆရိယ
တို့သည် ကျွန်ုပ်တို့၏ အဇ္ဈတ္တထဲမှာ ရှိနေကိန်းအောင်းနေသော ဒုစရိုက် ပုံစံ
မျိုးဖြစ်ပေရကား ယင်းတို့က ကျွန်ုပ်တို့၏ဘဝတွင် ဒုက္ခဆင်းရဲများကို ဦးတည်
စေပါသည်။
    နေ့စဉ် ဆွလာသ်ငါးကြိမ်ဝတ်ပြုမှုတို့က ရှက်ဖွယ်လိလိ လုပ်ရပ်များမှ
ဒိုင်းလွှားပမာ ကျွနိုပ်တို့ကို အကာအကွယ်ပြုပေးပါသည်။
    ဤအချိန်အလိုက် ဝတ်ပြုမှုများကို သတ်မှတ်ချိန်အလိုက် ဝတ်ပြုပေး
သွားခြင်းဖြင့် မကောင်းသောအမှုများကို ကျူးလွန်ရန်အချိန်မရှိ ဖြစ် စေပါ
သည်။
    ရမသွာန်လမြတ်တွင် အရုဏ်တက်မှသည် နေဝင်ချိန်အထိ ဥပုသ် စောင့်
ခြင်းနှင့် ကောင်းမှုများကို နှစ်ဆတိုးပြီး ပြုသွားခြင်းဖြင့် ကျွန်ုပ်တို့၏ သီလ
သမာဓိ ဘာသာတရား ကိုင်းရှိုင်းမှုစွမ်းရည်များကို ပြန်လည် အားသွင်းနိုင်ပြီး
အကုသိုလ်အင်အားစုများကို တိုက်ထုတ်ပစ်နိုင်ပါသည်။
    တစ်နှစ်တာအတွက် ထုတ်ရမည့် ဇကားသ် လူမှုဒါနပြုခြင်းကလည်း
မိမိတို့၏ ဓနဥစ္စာတွင် တစ်ပါးသူတို့အတွက် ဝေစုဝေပုံ ရှိနေကြောင်းကို အသိ
ဝင်စေရကား အလ္လာဟ်ရှင်က ကျွန်ုပ်တို့ကို ရက်ရောစွာ ချီးမြှင့်ထားသည့်
အလား ကံနုံချာသူတို့ကို ကျွန်ုပ်တို့ကလည်း တုံ့ပြန်ဂရုပြု စောင့်ရှောက်
သွားကြရပါမည်။
    တာဝန်ထိုက်ထားရာ တာဝန်ဝတ္တရားများနှင့် အလ္လာဟ်ရှင် နှစ်မြို့မည့်
တခြားသောအမှုများကို ပူးပေါင်းလုပ်ဆောင်သွားခြင်းဖြင့် ကျွန်ုပ်တို့တွင်ရှိ
သော အကုသိုလ်အင်အားစုများ၏ ဆွဲအားမှ ကျွန်ုပ်တို့ ခုခံအား ကောင်းစေ
မည့် ဘက်ပေါင်းစုံမှ ပေါင်းစည်းထားသော ခဝပ်မှုအစီအစဉ်နှင့် ဘဝပုံစံ
နေဟန်တို့ကို အစ္စလာမ်က ချပေးထားပေသည်။
    အတွင်းအဇ္ဈတ္တရန်သူကို ဆန့်ကျင်တွန်းလှန်မှုဖြစ်သည့် ဤပိုမို ကြီးကဲ
သော ဂျီဟာဒ်သည် အရေခြုံများနှင့် ယုံကြည်သူများ အပေါ် ဆန့်ကျင်သည့်
ဂျီဟာဒ်ကို အောင်နိုင်စေရေးအတွက် အုတ်မြစ် အခြေခံ ပင်ဖြစ်ပါသည်။
    အစ္စလာမ်၏ ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ဘက်သို့ ဖိတ်ခေါ်ပါ၏။

ရည်ညွှန်း။    ။
Dr.Y.Mansoor Marican Ph.D.၏ JIHAD စာတမ်း။
www.mounthira.com


မိမိကိုယ်ကိုယ် ခုခံကာကွယ်မှု ဂျီဟာဒ်

မိမိကိုယ်ကိုယ် ခုခံကာကွယ်မှု ဂျီဟာဒ်
~~~~~~~~~~~~~~~~~~~~

    ဂျီဟာဒ်ဟူသည် တစ်ဆူရှင်စင်စစ်၏ သတင်းသဝဏ်ကို ထုတ်ပြန်
ဖြန့်ချိမှု မည်၏။ လက်နက်ကိုင်၍ မဟုတ်။ ကုရ်အာန်ကျမ်းမြတ်ကို လက်
ကိုင်ပြု၍ဖြစ်သည်။
    ဤကမ္ဘာဂြိုဟ်ပေါ်တွင် ကျွန်ုပ်တို့သည် အနန္တကရုဏာတော်ရှင်
အလ္လာဟ်၏ ကမ္ဘာလောက ကိုယ်စားလှယ်များအဖြစ် ငြိမ်းချမ်းရေးနှင့်
ဟန်ချက် ညီမှုတို့အား အရှင်၏ပညတ်တော်တို့ကို လုံးဝကျိုးနွံနာခံသမှု
ပြုခြင်းအားဖြင့် တည်ဆောက်ပေးသွား ကြရမှာဖြစ်၏။
    အလ္လာဟ်ရှင်၏လမ်းတွင် ကြိုးပမ်းဆောင်ရွက်ခြင်း အားလုံး သည် ပင်
ဂျီဟာဒ် မည်ချေ၏။
    အလှူပြုပေးကမ်းမှုအပါအဝင် အကြမ်းဖက်အုပ်ချုပ်မှုတို့ကို တိုက်
ခိုက်သွားခြင်းတို့မှာလည်း ဂျီဟာဒ်လုပ်ရပ်များ၏ စံနမူနာများပင် ဖြစ် ပါသည်။
    မွတ်စလင်များသည် မိမိတို့အပေါ် စစ်မက်ပြုလာသူများကိုသာလျှင်
လက်နက် စွဲကိုင်ပြီး တွန်းလှန်တိုက်ခိုက်ပိုင်ခွင့်ရှိ၏။
    ဤအတွက် လက်နက်စွဲကိုင်တိုက်ခိုက်မှု ဂျီဟာဒ်သည် မိမိကိုယ် ကို
ခုခံကာကွယ်မှုအတွက်ပဲ ဖြစ်ရပါမည်။
    လက်နက်ကိုင်တိုက်ခိုက်လာမှုကို တုန့်ပြန်ကလဲ့စားချေတိုက်ခိုက်မှု
များသည် အတိုင်းအတာရှိ၏။ တူညီသော တုန့်ပြန်မှု ထက်ပို၍ မရချေ။
    ရန်သူက ငြိမ်းချမ်းရေးကို ကမ်းလှမ်းလာခဲ့ပါမူ မွတ်စလင်တို့သည်
ချက်ချင်းလက်ငင်း ငြိမ်းချမ်းရေးကို တည်ဆောက် သွားကြရပါမည်။
    အစ္စလာမ်ဘာသာတရားတွင် ရှုံးနိမ့်သွားသောရန်သူ သို့မဟုတ် ငြိမ်း
ချမ်းရေး ကမ်းလှမ်းလာသူတို့အပေါ် ကရုဏာတရား ထားရှိခြင်းက အနိုင်ယူ
အောင်ပွဲခံခြင်းထက် ပိုမိုကြီးကဲမြင့်မြတ်သည် ဟု ခံယူထား၏။
    လက်နက်ကိုင်တိုက်ခိုက်သည့် ဂျီဟာဒ်၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်း
ရေးကို ပြန်လည်ထိန်းသိမ်းရေးနှင့် စစ်ပွဲများနှင့် ကျူးကျော်ရမူမှုတို့ ဆက်ပြီး
သက်ဆိုးရှည်နေမှာကို တွန်းလှန်ပစ်ရေးပင် ဖြစ်၏။
    မွတ်စလင်တို့ကို မိမိတို့အပေါ် ရန်လိုမှုကြီးမားလှသော ရန်သူများ
အပေါ်မှာပင် လက်နက်စွဲကိုင်ပြီး မိမိဘက်က စတင်ကျူးကျော်ရန်စမူ မပြုရ
ဟု တားမြစ်ထားချေ၏။
    ယနေ့ခေတ် မီဒီယာများမှာ တစ်ပါးသူတို့က လူသတ်မှုများကို ကျူး
လွန်ခဲ့ကြလျှင်ပင် ထိုသူတို့၏ ဘာသာတရားကို အပြစ်ပုံချမှု ဘယ်အခါမှ
မပြုကြရချေ။
    သို့သော် မွတ်စလင်တို့က နိုင်ငံရေးအရ ဖိနှိပ်ညှင်းပန်းမှု စီးပွားရေး
အရ ခေါင်းပုံဖြတ်မှုနှင့် သူတို့ပိုင်မြေကို သိမ်းပိုက်ခံခဲ့ရ၍ ပေါက်ကွဲလွန်း
အားကြီးပြီး ထင်ရာစိုင်းလုပ်မိလျှင်ကျတော့ အစ္စလာမ် ဘာသာတရား အပေါ်
အပြစ်ဆိုအပုပ်ချခဲ့ကြ၏။
    ဤအတွက်မွတ်စလင်တို့တွင် အမှန်တရားကို ရှင်းလင်းပြရန် တာဝန်
ရှိချေ၏။
    ဂျီဟာဒ်ဟူသည် ဂျီဟာဒ်၏ အနက်အဓိပ္ပာယ်အမှန်ကို မွတ်စလင်
များနှင့် မွတ်စလင်မဟုတ်သူများသိရှိအောင် ပြုပေးရေးပင်ဖြစ်၏။
    ယနေ့အခါမှာ သစ္စာတရား၏ ရန်သူတို့က သူတစ်ပါးတို့၏ ပိုင်နက်
နယ်မြေများကို ချင်းနင်းမဝင်ရောက်ဘဲနှင့်ပင် ဖျက်ဆီးမှုကို ပြုနိုင်နေကြပြီ
ဖြစ်သည်။
    ဂျီဟာဒ်ဟူသည် ပရိယာယ်ကြွယ်ကြွယ် ဦးနှောက်ဥာဏ်နှင့် ရှုထောင့်
စုံမှနေပြီး ဤသို့လက်နက်မဲ့ ယှဉ်ပြိုင်တိုက်ခိုက်လာသူတို့၏ ရန်ကို မဖြစ်မီ
ကပင် တင်ကူးကြိုမြင်ပြီး တွန်းလှန်သွားခြင်းနှင့် စီးပွားရေးနှင့် နိုင်ငံရေးအရ
တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့ကို ရှာကြံရယူသွားခြင်း ပင်ဖြစ်၏။
    ဂျီဟာဒ်ဟူသည် ပညာဗဟုသုတကို ရှာဖွေဆည်းပူးခြင်းဖြစ်၏။
မွတ်စလင်တို့ကို လွယ်လင့်တကူနှင့် ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ် မှုတို့
မပြုနိုင်ရေးငှာ တစ်ပါးသူတို့တွင် အခက်အခဲဆိုက်နေအောင် ကျွမ်းကျင်လိမ္မာ
မှုတို့ ဖွံ့ဖြိုးကြီးထွားနေအောင် ပြုခြင်းလည်း မည်ပါသည်။
    ဂျီဟာဒ်ဟူသည် တရားမျှတမှုနှင့် ငြမ်းချမ်းရေးတို့ကို အင်နှင့်အားနှင့်
လက်တွဲ တည်ဆောက်သွားရန်အတွက် တစ်ဆူရှင် စင်စစ်အပေါ် ယုံကြည်
ကြသူများတွင် ညီညွတ်ရေးကို ထိမ်းသိမ်း စောင့်ရှောက်သွားခြင်း ပင်ဖြစ်၏။
    ဂျီဟာဒ်ဟူသည် ဂျီဟာဒ်ကို မိမိ၏ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ
နှင့် အံဝင်အောင် လိုရာဆွဲယူအနက်ဖွင့်ဆို တစ်လွဲ အသုံးချပြီး တစ်ဖက်သား
တို့ကို သိမ်းသွင်းနေသူတို့ကို နိုးနိုးကြားကြား သတိရှိရှိနှင့် ဆန့်ကျင်သွားခြင်း
လည်း မည်ပါသည်။
    မွတ်စလင်များနှင့် အစ္စလာမ်၏ပုံရိပ်တို့ကို စွန်းထင်းမည်းနက်သွားစေ
ရန် လွယ်လင့်တကူနှင့် သူတို့စိတ်ကြိုက် အကွက်ဆင်သွားမည့် မသမာသူတို့
ကို တုံ့ပြန်ခြင်းလည်း မည်ပါသေးသည်။



Sunday, January 25, 2015

        အနန္တမေတ္တာတော်ရှင် မဟာတမန်တော်မြတ်နှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးမှ လူသားတို့ သိလိုနေကြပြီ။ ဒီပုဂ္ဂိုလ်ထူး ဘယ်သူလဲလို့ မေးနေကြပြီ။ ဥရောပတိုက်နှင့် အနောက်နိုင်ငံသားတို့က '' Who is this man ? '' လို့ မေးနေကြပြီ။

وَمَا أَرْسَلْنَاكَ إِلَّا رَحْمَةً لِّلْعَالَمِينَ
And We have not sent you, [O Muhammad], except as a mercy to the worlds.
{ وما أرسلناك } يا محمد { إلا رحمة } أي للرحمة { للعالمين } الإنس والجن بك .

        အနန္တစကြာဝဠာအတွင်း မှီတင်းနေထိုင်ကြကုန်သည့် သဗ္ဗေ၊သတ္တာ၊ဝေနေယျအားလုံး ကရုဏာတရား ပွားများ၊ငြိမ်းချမ်းရေးတရား ထွန်းကားစေရန် မေတ္တာရှင်အဖြစ် မဟာတမန်တော်မြတ် စေလွှတ်ခြင်းခံရပါသည်။
ကုရ်အာန်ကျမ်းမြတ်(၂၁း၁၀၇)

        အနန္တစကြာဝဠာ၏ မဟာကရုဏာတော်ရှင်အဖြစ် စေလွှတ်ခြင်းခံရသော မေတ္တာတော်ရှင် မဟာတမန်တော်မြတ်ကြီးသည် သစ္စာအမှန်၏ အေးရိပ်ဆာယာအောက်သို့မရောက်ရှိဘဲ အဓမ္မဝါဒီအဖြစ် ဖောက်ပြန်နေကြသည့်သူတို့ နှစ်ဘဝလုံး ဆုံးရှုံးမည်ကို သိတော်မူသည်။ ထို လမ်းမှားရောက်နေသူတို့အတွက် သောက ဗျာပါဒ ပူဆွေးတော်မူသည့်အခါ အလ္လာဟ်အရှင်မြတ်က အောက်ပါအတိုင်း ဗျာဒိတ်တော်ချပေးသနားတော်မူခဲ့ပါသည်။
لَعَلَّكَ بَاخِعٌ نَّفْسَكَ أَلَّا يَكُونُوا مُؤْمِنِينَ
Perhaps, [O Muhammad], you would kill yourself with grief that they will not be believers.
{ لعلك } يا محمد { باخعٌ نفسك } قاتلها غما من أجل { ألا يكونوا } أي أهل مكة { مؤمنين } ولعل هنا للإشفاق أي أشفق عليها بتخفيف هذا الغم .

အို ! နဗီတမန်တော် ၎င်း(မက္ကာမြို့သား)တို့သည် သစ္စာအမှန်အား ယုံကြည်ခြင်းမရှိကြသောကြောင့် အသင်သည် မိမိကိုယ်ကို သတ်သေလုမတတ်ဖြစ်နေဘိ၏။(ကုရ်အာန် ၂၆း၃)

       ကျမ်းမြတ်ကုရ်အာန်တွင်မူ အလ္လာဟ်အရှင်မြတ်အလိုတော်ရှိပါက ဝေနေယျအားလုံးကို ယုံကြည်သူဖြစ်အောင် လုပ်နိုင်ကြောင်းနှင့် ယင်းကဲ့သို့ ပြုလုပ်တော်မူမည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။

وَلَوْ شَاءَ رَبُّكَ لَآمَنَ مَن فِي الْأَرْضِ كُلُّهُمْ جَمِيعًا ۚ أَفَأَنتَ تُكْرِهُ النَّاسَ حَتَّىٰ يَكُونُوا مُؤْمِنِينَ

And had your Lord willed, those on earth would have believed - all of them entirely. Then, [O Muhammad], would you compel the people in order that they become believers?

{ ولو شاء ربك لآمن من في الأرض كلهم جميعا أفأنت تُكره الناس } بما لم يشأه الله منهم { حتى يكونوا مؤمنين } لا .
   

       စင်စစ်သော်ကား အကယ်၍ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကမ္ဘာမြေပြင်ဝယ် ရှိရှိသမျှသော လူခပ်သိမ်းတို့သည် တမြိုင်နက် အီမာန် သက်ဝင်ယုံကြည်ကြမည်သာဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် လူသားတို့အား မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်လာကြရန် အတင်းအကျပ်ပြုလုပ်နိုင်ပါသလော။ (ကုရ်အာန် ၁၀း၉၉)

*************************************
အစ္စလာမ်ဓမ္မဗိမာန် ရွှေရတုအထိမ်းအမှတ်အခမ်းအနား (၁၉၆၄-၂၀၁၄)

  
 

Friday, January 23, 2015

စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ
~~~~~~~~~~~~~~~~~~
        ဆရာကြီး ဦးရာဇတ်အနေနဲ့ တမန်တော်မြတ်ရဲ့ စည်းရုံးရေးလမ်းစဉ်ကို သိရှိနားလည်လို့ လက်တွေ့ကျင့်သုံးတာဟုတ်မဟုတ်တော့ မသိဘူး။ ဒါပေမယ့် သူ့ကျင့်သုံးခဲ့တဲ့လမ်းစဉ်ဟာ တမန်တော်မြတ်ရဲ့လမ်းစဉ်အတိုင်း ကျင့်သုံးမိလျက်သားဖြစ်နေတာကိုတော့ အမှန်တွေ့ရှိရမှာပဲ။
     ဆရာတော် သံဃာတော်များ၊ ဗုဒ္ဓဘာသာများ ၊ ခရစ်ယာန်များ ၊ ဟိန္ဒူများ ၊ နတ်ကိုးကွယ်သူများနဲ့ လိုက်လျောညီထွေဆက်ဆံခဲ့တယ်။ ဒါ့ကြောင့် သူ့စည်းရုံးရေး နယ်ပယ်ဟာ ကျယ်ပြန့်လာပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။
       ဆရာတော် သံဃာတော်များကလည်း ဆရာတော်၊သံဃာတော်များမို့ ၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း လုပ်ဖော်ကိုင်ဘက်တွေမို့၊ တပည့်သားမြေးတွေလည်း တပည့်သားမြေးတွေမို့ ၊ အားလုံးရဲ့ ပါးစပ်ဖျားမှာ ဆရာကြီးဦးရာဇတ်မှ ဆရာကြီး ဦးရာဇတ်ရယ်လို့ ဖြစ်ခဲ့ပါတယ်။ ဒါကို အပေါ်ယံကြောက ကြည့်မယ်ဆိုရင် သာမန်ကာလျှံကာသဘောလို့ပဲ မြင်တွေ့ရပါတယ်။ ဒါပေမယ့် လေးလေးနက်နက် စဉ်းစားရင် ထူးခြားမှုကိုတွေ့ရပါမယ်။
       သူဟာ သူများနဲ့မတူဘူးဆိုတဲ့ လူတကာက ကောက်ချက်ချသလိုပါပဲ။ သူ့ခေတ်မှာ အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ ထူးခြားတဲ့စည်းရုံးမှုတွေကို လက်တွေ့ကျင့်သုံးခဲ့လို့ပဲဖြစ်ပါတယ်။ လူတကာ မစွမ်းဆောင်နိုင်တဲ့ စည်းရုံးရေးစွမ်းရည် သူ့မှာရှိတဲ့အတွက်ကြောင့် လူတကာနဲ့မတူအောင် အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ တမန်တော်မိုဟမ္မဒ်ရဲ့လမ်းစဉ်အတိုင်း လုံးလုံးလျားလျားမဟုတ်တဲ့တိုင်အောင် များသောအားဖြင့်တော့ လိုက်နာကျင့်သုံးနိုင်ခဲ့တဲ့အတွက်ကြောင့် ဒီလိုအောင်မြင်မှုရတယ်ဆိုတာကို ဘယ်လိုမှ ငြင်းနိုင်မယ်မဟုတ်ဘူး။ ကျွန်တော်တို့ဟာ ဒီတိုင်းပြည်မှာနေတဲ့ ဒီတိုင်းသူပြည်သားတွေဖြစ်တယ်။ ကျွန်တော်တို့ ဘိုးဘွားတွေရဲ့ တိုင်းပြည်တာဝန်ကို သစ္စာရှိရှိ ထိန်းသိမ်းတာဝန်ယူခဲ့တဲ့ အစဉ်အလာကို ဆက်လက်စောင့်ထိန်းလိုက်နာရမယ်။ သစ္စာရှိရှိနဲ့ နေသွားရမယ်။ မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမတွေနဲ့ ဆက်ဆံရာမှာ အယူသီးမှုတွေကို ပယ်ဖျက်ပစ်ရမယ်။ ဒီလိုပြုပြင် လိုက်နာခံလိုက်ခြင်းအားဖြင့် စံနမူနာကောင်းများကို ကျင့်သုံးလိုက်ခြင်းအားဖြင့်သာလျှင် ကျွန်တော်တို့အပေါ်မှာရှိခဲ့တဲ့ အထင်မှားမှုတွေ ပျောက်ကွယ်သွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ တစ်ချို့ တစ်ချို့တွေ လုပ်ပုံကိုင်ပုံတွေမှားတဲ့အတွက် အထင်မှားအမြင်မှား ခံရခြင်း၊ အခွင့်အရေးတွေဆုံးရှုံးမှုတွေ ခံနေရခြင်း ငရုတ်သီးနဲ့ပေါင်းမှ ကြက်သွန်အထောင်းခံနေခဲ့ရတာတွေပဲလို့ မြင်ပါတယ်။
       သမိုင်းက ရှိခဲ့တဲ့ ပသီတွေဟာ မြန်မာဘုရင်တွေရဲ့ ယုံကြည်မှု အပြည့်ရသလို ကျွန်တော်တို့ ပသီအဆက်အနွယ်တွေကလည်း နိုင်ငံတော်ကို သစ္စာရှိတဲ့ နိုင်ငံတော်သားများပီပီ နိုင်ငံတော်ပေါ်မှာ တာဝန်သိသိနဲ့ တာဝန်တွေကို ကျရာအခန်းကဏ္ဍက ဆောင်ရွက်ပေးကြဖို့ လိုပါတယ်။ နောက်ပြီးတော့ ညီအစ်ကိုမောင်နှမတွေလိုဖြစ်ခဲ့တဲ့ ဘာသာပေါင်းစုံနဲ့ ချစ်ချစ်ခင်ခင်နဲ့ သူ့တာဝန် ကိုယ့်တာဝန်တွေကို အပြန်အလှန် ကူညီတာတို့ သာရေးနာရေး ကိစ္စတွေမှာ အပြန်အလှန် ကူညီတာတို့၊အဲဒါမျိုးတွေကိုလဲ ကျွန်တော်တို့လုပ်ကြဖို့ လိုမယ်လို့ ကျွန်တော်ထင်ပါတယ်။
       အဲဒီလို လုပ်ကြခြင်းနဲ့ပဲ ကျွန်တော်တို့အပေါ်မှာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ကျွန်တော်တို့ရဲ့ လုပ်ရပ်ကြောင့် တင်ရှိနေတဲ့ ချေးညှော်တွေကို ကျွန်တော်တို့က တိုက်ချွတ်သွားနိုင်သမျှ ကျွန်တော်တို့မှာရှိခဲ့တဲ့ အခွင့်အလမ်းတွေဟာ ပြန်လည်ရရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီတော့ မုဟမ္မဒ်(ဆွ)ရဲ့ တပည့်သားမြေးတွေ ဖြစ်တဲ့အလျှောက် ကောင်းမြတ်တဲ့ အစဉ်အလာတွေကို ပွားများယူဖို့လိုပါတယ်။ ဒီလိုပါပဲ ဆရာကြီး ဦးရာဇတ်ရဲ့တပည့်သားမြေးတွေ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ဖခင်တစ်ဦးဖြစ်တဲ့ ဆရာကြီးဦးရာဇတ်ရဲ့ ကောင်းမြတ်တဲ့ အစဉ်အလာတွေကို ကျွန်တော်တို့က လိုက်နာပွားများယူဖို့ လိုအပ်ပါတယ်။ အဲဒီလို လုပ်သင့်တယ်လို့ ကျွန်တော် တင်ပြရင်း မြန်မာနိုင်ငံတော်ရဲ့ အာဇာနည်ကြီး ဦးရာဇတ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကောင်းရာသုဂတိသို့ လားကြပါစေလို့ ဆုတောင်းမေတ္တာပို့ကြပါစို့။


Thursday, January 22, 2015

အပိုင်း(၂)
ကုရ်အာန်ကို သဘောပေါက်နားလည်စွာ ရွတ်ဖတ်ဘို့ လိုအပ်ပါသလား ?

       ဒီနေ့ ကမ္ဘာပေါ်မှာ မုစ်လင်မ် လူဦးရေ သန်းပေါင်း ၁၂၅၀ - ကျော် ရှိပါတယ်။ ဒါပေမယ့် အရ်ဗီစကားပြောကြတဲ့ အာရဗ်မုစ်လင်မ်ဟာ (၁၅) ရာခိုင်နှုန်းနီးပါးပဲ ရှိတယ်။ အာရဗ်မုစ်လင်မတွေကို ဖယ်လိုက်ရင် အာရဗ်မဟုတ်တဲ့ မုစ်လင်မ် အနည်းအကျဉ်းမျှလောက်ပဲ အရ်ဗီဘာသာရပ်ကို နားလည်ကြတယ်။ စုစုပေါင်းလိုက်ရင် ရာခိုင်နှုန်း(၂၀) နီးနီးလောက်ပေါ့။
       ဒါကိုကြည့်ရင် မုစ်လင်မ် ရာခိုင်နှုန်း(၈၀)ကျော်ဟာ အရ်ဗီကို အဓိပ္ပါယ်နဲ့တတ်မြောက်မထားကြဘူး။ ကလေးတစ်ယောက် မွေးဖွားလာပြီဆိုရင် ဒီကလေးဟာ ဘယ်ဘာသာစကားမှ တတ်ကျွမ်းမလာပါဘူး။ (သူ့မှာ ကိုယ်ပိုင်ဘာသာစကားမရှိပါဘူး)။ ပထမဆုံးအနေနဲ့ သူ့မိသားစုက ပြောဆိုနေကြတဲ့ ဘာသာစကားကို သူတတ်မြောက်လာပါတယ်။ အဲ့ဒီနောက်မှာ သူနဲ့ အနီးဆုံး ပတ်ဝန်းကျင်က စကားကို နားလည်မယ်။ ဒီနောက်မှာ သူပညာသင်ကြားတဲ့ ကျောင်း၊ တက္ကသိုလ်၊ ကောလိပ် တို့က သက်ဆိုင်ရာ သင်ရိုးမှာပါတဲ့ ဘာသာစကားတွေ ၊ စာပေတွေ ၊ ပြီးတော့ အထူးပြုပြီး သင်ယူရတဲ့ အခြားဘာသာစကားတွေကို သူ သင်ကြားတတ်မြောက်စေနိုင်တယ်။ လူတစ်ယောက်ဟာ ဘာသာစကား ၂ မျိုး၊ ၃မျိုးလောက်တော့ တတ်မြောက်နိုင်ကြပါတယ်။ တစ်ချို့ဆိုရင် (၄-၅)မျိုးအထိ တတ်ကြတယ်။ တစ်ချို့ဆိုရင် ဘာသာစကား အများကြီးတတ်မြောက်ထားကြတယ်။ သာမန်လူတစ်ယောက်အနေနဲ့ ဘာသာစကား ၂-မျိုး၊ ၃-မျိုးလောက်တော့ သင်ယူနိုင်စွမ်းရှိကြပါတယ်။ ဒီအနေအထားရှိလျက်နဲ့ ကျွန်တော်တို့အပေါ်မှာ အလ္လာ့ဟ်ရဲ့လမ်းညွှန်မှုဖြစ်တဲ့ ကုရ်အာန်၊ ပြီးတော့ နောက်ဆုံးတမန်တော်အပေါ် အပြီးသတ်ပို့ချပေးခဲ့တဲ့ အလ္လာဟ်ရဲ့ လမ်းညွှန်မှု ကုရ်အာန်၊ ဒီကုရ်အာန်ရဲ့ ဘာသာရပ်ဖြစ်တဲ့ အရ်ဗီဘာသာစာပေကို တတ်မြောက်နားလည်ကြဘို့ မလိုဘူးလား ? နားလည်အောင် သင်ယူကြဘို့တာဝန်မရှိဘူးလား ?
       ဒီနေရာမှာ အချက်တစ်ချက်ကို သိထားဘို့လိုတာက အသက်အရွယ်ဟာ ကောင်းမြတ်တဲ့အလုပ်တစ်ခု ဆောင်ရွက်ဖို့ရာ အဟန့်အတားမဖြစ်စေပါဘူး။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် သာဓကတစ်ရပ်တင်ပြပါ့မယ်။ ဒီသာဓကကတော့ ဒေါက်တာမောက်ရိစ်ဘူကေလ်နဲ့ ပတ်သက်ပါတယ်။ သူက ခရစ်ယာန်တစ်ယောက်ပါ။ ပြင်သစ် အကယ်ဒမီသိပ္ပံရဲ့ ဆေးဘက်ဆိုင်ရာ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ပါတယ်။
       သူဟာ (၁၉)ရာစုမှာ ရှာတွေ့ခဲ့တဲ့ ဖိရ်အောင်(န်)ရဲ့ ရုပ်ကလာပ်ကို သုတေသနပြုဖို့ အရွေးခံခဲ့ရတယ်။ သူ့အနေနဲ့ ခရစ်ယာန်တစ်ယောက် ဖြစ်တဲ့အလျောက် Bible (သမ္မာကျမ်းစာ)အရ ဖိရ်အောင်န်ဟာ တမန်တော်မူဆာ (ငြိမ်းချမ်းမှုနှင့်ပြည့်စုံသူ)ကို အန်တုဖက်ပြိုင်ခဲ့တဲ့ ဘုရင်ဖြစ်ကြောင်း သိထားပြီး ဖြစ်တယ်။ပြီးတော့ ဖိရ်အောင်(န်) ရေနစ်သွားတာကိုလည်း သူသိထားပါတယ်။ မောရိစ်ဘူကေလ်ဟာ အရဗ်နိုင်ငံတွေ လှည့်လည်နေတုန်း အရဗ်တစ်ယောက်က ပြောပြလို့ ကုရ်အာန်မှာပါတဲ့ ဖိရ်အောင်(န်)အကြောင်းကို သိခွင့်ရခဲ့တယ်။ ကုရ်အာန် (၁၀း၉၂) မှာ ဒီအကြောင်းကို ဒီလိုဖော်ပြထားပါတယ်။

فَالْيَوْمَ نُنَجِّيكَ بِبَدَنِكَ لِتَكُونَ لِمَنْ خَلْفَكَ آيَةً ۚ وَإِنَّ كَثِيرًا مِّنَ النَّاسِ عَنْ آيَاتِنَا لَغَافِلُونَ

ယနေ့ ငါအရှင်က နောင်လာနောက်သားတို့အဖို့ သက်သေသာဓကတစ်ရပ်ဖြစ်စေဘို့ အသင့်ရဲ့ရုပ်ကလာပ်ကို ထိန်းသိမ်းထားမယ်။

       ဒီအကြောင်းကို သူသိလိုက်ရတော့ တော်တော် အံ့သြသွားပါတယ်။ နှစ်ပေါင်း - ၁၄၀၀ ကျော်က ပို့ချပေးခဲ့တဲ့ ကုရ်အာန်မှာ ဖိရ်အောင်(န်)ရဲ့ ရုပ်ကလာပ်ကို ထိန်းသိမ်းထားမယ့်ကတိ ဘာ့ကြောင့် ပါရှိနေရသလဲ ? ဒီအချက်အပေါ် အံ့သြသွားရတာပါ။ သည်အံ့သြမှုက သူ့ကို ကုရ်အာန်ဘာသာပြန် လေ့လာဘို့ အကြောင်းတစ်ရပ် ဖြစ်စေခဲ့တယ်။ ကုရ်အာန်ဘာသာပြန် လေ့လာပြီးတဲ့နောက်မှာ အရ်ဗီစာပေကို လေ့လာဘို့ တစ်ဖွားဖွားဆန္ဒဖြစ်ခဲ့တယ်။ ဒါက ကုရ်အာန်ရဲ့ နက်နဲမှုက ပေါက်ဖွားလာတဲ့ စူးရှထိရောက်မှုတစ်ခုပါ။ အဲသည့်အချိန်မှာ သူ့အသက်က (၅၀) ရှိနေပါပြီ။ ဒါပေမယ့် သူဟာ အရ်ဗီဘာသာရပ်ကို တတ်မြောက်အောင် သင်ယူခဲ့ပါတယ်။ သည့်နောက်မှာ ကုရ်အာန်ကို အရ်ဗီလို တိုက်ရိုက် နားလည်အောင်ကြိုးစားပြီး Bible - ကုရ်အာန် နဲ့ သိပ္ပံဆိုပြီး စာအုပ်တစ်အုပ် ပြုစုခဲ့တယ်။ ဒီစာအုပ်ဟာ လူသိများတဲ့ စာအုပ်ပါ။ ဘာသာစကား တော်တော်များများနဲ့ ပြန်ဆိုခံရတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်တယ်။ ဒီအကြောင်းပြောပြရတဲ့ရည်ရွယ်ချက်က လူတစ်ယောက်၊ ပြီးတော့ သူက ခရစ်ယာန်၊ အသက်အားဖြင့်လည်း (၅၀)၊ ဒီလိုအခြေအနေမျိုးမှာတောင် ကုရ်အာန်အပေါ် စိတ်ဝင်စားမှုက သူ့ကို အရ်ဗီသင်ယူဘို့ တွန်းအားပေးခဲ့တယ်။ ကျွန်တော်တို့မှာ မောရိစ်ဘူကေလ်မှာရှိတဲ့ ဇွဲနဘဲ၊ စိတ်ဓါတ်ခွန်အားမျိုး မရှိကြလို့သာ ကုရ်အာန်ကို နားလည်အောင် မသင်ယူကြတာလို့ သုံးသပ်နိုင်တယ်။ သူ့လို ရယူလိုမှုမျိုး၊ စိတ်ဇောအဟုန်မျိုး မရှိကြဘူး။ မည်သို့ဆိုစေဦးတော့။ အရ်ဗီနားမလည်ဘူးပဲထား။ ကုရ်အာန်ဘာသာပြန်ကိုတော့ လေ့လာလို့ရပါတယ်။
       မော်လာနာ အဗ်ဒုလ်မာဂျိဒ် ဒရ်ယာဘာဒီက စကားတစ်ခွန်းပြောထားတာရှိတယ်။ ကမ္ဘာတစ်ခုလုံးမှာ လျှို့ဝှက် အနက်နဲဆုံးနဲ့ အသိမ်မွေ့ဆုံးကျမ်းဖြစ်တဲ့ ကုရ်အာန်သည်ပင်လျင် ဘာသာပြန်ဆိုလို့ရခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကုရ်အာန်ရဲ့ ဘာသာစကားဟာ အလ္လာဟ်ကရွေးချယ်ခဲ့တဲ့ ဘာသာစကားဖြစ်တယ်။ ပြီးတော့ အလွန် ကောင်းမွန်ရိုးစင်းတဲ့ ဘာသာရပ်လည်း ဖြစ်တယ်။ အံ့ဖွယ်ရာ အချင်းအရာလည်းဖြစ်တယ်။ ကုရ်အာန်ရဲ့ အာယသ် တစ်အာယသ်ဟာ အသိဥာဏ်ကြွယ်သူ၊ ပညာတတ်တစ်ယောက်ကို ထိရောက်စူးရှမှု ဖြစ်စေနိုင်သလို၊ သာမန်အနေအထားမှာရှိတဲ့ လူတစ်ယောက်ကိုလည်း ထိရောက်စူးရှစေနိုင်တယ်။ ဒါဟာ ကုရ်အာန်ရဲ့ ထူးခြားမှု၊ မွန်မြတ်သန့်စင်မှုတစ်ရပ် ဖြစ်ပါတယ်။ တစ်ချို့ အရ်ဗီစကားလုံးတွေဆိုရင် အဓိပ္ပါယ်ပေါင်း ၅၀-ကျော်ရှိတယ်။ ကုရ်အာန် တစ်အာယသ်ကို ရှုထောင့်အသွယ်သွယ်ကနေ ဖွင့်ဆိုလို့ရနိုင်တဲ့ အနေအထားရှိတယ်။ အဓိပ္ပါယ်ကြွယ်ဝတဲ့ အနေအထားမှာရှိတယ်။ဒါကြောင့် အလ္လာဟ်ရဲ့အနက်နဲဆုံးကျမ်းနဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ကုရ်အာန်ဟာ ဘာသာပြန်ဆိုလို့ရတဲ့ အနေအထားတစ်ရပ်မှာ ရှိပါတယ်။ မည်သို့ဆိုစေ ဒီကနေ့ ကမ္ဘာပေါ်မှာရှိခဲ့ကြတဲ့ ကုရ်အာန့်ပညာရှင်များဟာ ဘာသာစကားအသီးသီးနဲ့ ကုရ်အာန်ကို ပြန်ဆိုခဲ့ကြပြီးဖြစ်တယ်။ ရေပန်းအစားဆုံးနဲ့ အများဆုံး အသုံးပြုကြတဲ့ ဘာသာစကားတွေထဲမှာ ကုရ်အာန်ကို ပြန်ဆိုထားကြတာ အများကြီးရှိနေတယ်။ အကယ်၍ ကျွန်တော်တို့အနေနဲ့ အရ်ဗီနားမလည်ခဲ့ရင်တောင် ဘာသာပြန်ပြီးသား ကုရ်အာန်ကို အနည်းဆုံးတော့ လေ့လာဖတ်ရှုသင့်ပါတယ်။ ကိုယ်ကျွမ်းကျင်တဲ့ ဘာသာစကား တစ်ခုခုနဲ့ ကုရ်အာန်ကို လေ့လာကြဘို့ တိုက်တွန်းလိုတယ်။ အူရ်ဒူ၊ ဖာရ်စီ၊ အင်္ဂလိပ်၊ (မြန်မာ) အစရှိတဲ့ မိမိကျွမ်းကျင်တဲ့ဘာသာနဲ့ လေ့လာကြပါရန် (တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။)