Wednesday, January 21, 2015

တိုင်းရင်းသား ဗမာမွတ်စလင်မ်တွေ ဘယ်လဲ ?

       ဗမာဘုရင်များလက်ထက်က ဗမာမွတ်စလင်မ်များကို ပသီဟူ၍ လည်းကောင်း ၊ ဗြိတိသျှခေတ်တွင် ဇေတဘာဒီ ဟူ၍ လည်းကောင်း၊ ဗမာမွတ်စလင်မ်ဟူ၍လည်းကောင်း မှတ်တမ်းဝင် သမိုင်းဝင်လာ လူ့အစုအဝေးကို မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဦးဆောင်သောခေတ်တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ (၁၉၇၃)ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်းအတွက် (၉-၁၂-၁၉၇၂)ရက်စွဲဖြင့် ပုံစံရေးသွင်းရန် ညွှန်ကြားချက်ဟူသော စာအုပ်ငယ်တစ်အုပ်ပြုစုထုတ်ဝေခဲ့ရာ မြန်မာနိုင်ငံတိုင်းရင်းသား (၁၄၄)မျိုး စာရင်းကို ထုတ်ပြန်ခဲ့ပါသည်။ (၂၃-၂-၁၉၇၃)နေ့တွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၄၃)မျိုးရှိကြောင်း ကမ္ဘာသို့ တရားဝင် ကြေငြာခဲ့ပြီးဖြစ်ပါသည်။
       ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် အစိုးရပြန်ကြားရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ နိုင်ငံတော်အတွင်းရှိ မွတ်စလင်မ်များနှင့် ပတ်သက်၍ ကိစ္စရပ်များကို ရှင်းလင်းပြလိုပါကြောင်း ဖိတ်ကြားချက်အရ (၁၂-၁၀-၁၉၇၅) ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ့်အဖွဲ့ကြီး (၆)ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ဝန်ကြီး ဦးကိုကိုမှ ဆွေးနွေးရာတွင် တိုင်းရင်းသား မွတ်စလင်များမှာ အိမ်ထောင်စု တစ်စုတည်းမှ သွေးရင်းသားရင်းများဖြစ်ကြောင်း မြန်မာ့စာနယ်ဇင်းတို့တွင် ကုလားဒိန် ဟူ၍ နောက်နောင် မခေါ်ရအောင် ပိတ်ပင်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဗမာမွတ်စလင်မ် လူ့အစုအဝေးများကို (၁၉၇၃)ခုနှစ်တွင် နိုင်ငံတော်မှ အခြားတိုင်းရင်းသားများနည်းတူ တိုင်းရင်းသား လူမျိုးစုစာရင်းတွင် ဖော်ပြရုံသာမက (၁၉၇၄)ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း အခြားတိုင်းရင်းသားများနည်းတူ ပြည့်ဝသော နိုင်ငံသားများအဖြစ် အကာအကွယ်ပေးထားခဲ့ပါသည်။ အခန်း(၁၁) နိုင်ငံသားများ၏ မူလ လူ့အခွင့်အရေးများနှင့် ဝတ္တရားများ ခေါင်းစဉ်များ၌ ပုဒ်မ (၁၄၅/၁၄၇)တို့တွင် အောက်ပါအတိုင်း ပြဌာန်းထားခဲ့ပါသည်။ ၁၄၅-(က) ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူအားလုံးသည် နိုင်ငံသားများဖြစ်ကြသည်။ (ခ) ဤဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများသည်လည်း နိုင်ငံသားများဖြစ်သည်။ နိုင်ငံသားတိုင်း လူမျိုးအဆင့်အတန်း၊ ဆင်းရဲချမ်းသာ၊ ယဉ်ကျေးမှု၊ ဇာတိ ၊ ကိုးကွယ်ရာဘာသာ၊ အမျိုးသား အမျိုးသမီးမရွေး ဥပဒေအရ ခွဲခြားမှုမရှိစေဘဲ တန်းတူညီမျှ ရှိစေရမည်။
       (၁၉၇၄)ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗမာမွတ်စလင်မ် လူ့အစုအဝေးများသည် ပြည့်ဝသော နိုင်ငံသားများဖြစ်ကြပါသည်။
       အာဏာရှင် ဦးနေဝင်းသည် (၁၉၈၂)ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို တီထွင်ပြဋ္ဌာန်းလိုက်ပါသည်။ ၎င်းဥပဒေသစ်တွင် နိုင်ငံသား အမျိုးအစား (၃) မျိုး ခွဲခြားလိုက်ရာ (၁) နိုင်ငံသားစစ်စစ် (၂) ဧည့်သည်နိုင်ငံသား (၃) နိုင်ငံသားပြုခွင့်ရသူ ဟူ၍ ဖြစ်ပါသည်။ ဤဥပဒေပါ နိုင်ငံသားပြုခွင့်ရသူဟူသည် (၁၉၄၇)ခုနှစ်က နိုင်ငံသားပြုခွင့်ရသူကဲ့သို့ ပြည့်ဝသော နိုင်ငံသား အဆင့်အတန်းမျိုးမဟုတ်ဘဲ တတိယတန်းစား နိုင်ငံသားသာဖြစ်ပါသည်။ ထိုစဉ်က ပြည်သူ့လွှတ်တော်သည် ဦးနေဝင်းအလိုကျ တံဆိပ်ထုပေးနေသောအဆင့်သာရှိပါသည်။ အာဏာရှင် ဦးနေဝင်းအနေဖြင့် တိုင်းရင်းသားလူမျိုးပေါင်း (၁၄၄)မျိုး ရှိခဲ့သည်ကို ၎င်း၏ ဆန္ဒဖြင့် (၁၃၅) မျိုးသို့ လျှော့ချလိုက်ပါသည်။ ဖယ်ရှားခြင်းခံရသော စာရင်းတွင်(၁) ဗမာမွတ်စလင်မ် (၂)ရခိုင်စစ်တကောင်း (၃) မြေတူး (၄) အခြားမြန်မာအိန္ဒိယသားများ စသည်တို့ပါဝင်ခဲ့ကြရာ တိုင်းပြည်အပေါ် သစ္စာရှိခဲ့ကြသော ဗမာမွတ်စလင်မ်အစုအဝေးများကို အဓမ္မအနိုင်ကျင့်ခြင်းနှင့် ယုံကြည်မှုအလွဲသုံးစားပြုခြင်းများ ဗမာမွတ်စလင်မ် သမိုင်းရေးရာများနှင့် ပတ်သက်သော စာပေများကို စာပေစိစစ်ရေးမှ ပိတ်ပင်ထားခဲ့ရာ ဗမာမွတ်စလင်မ်တို့ကို ကုလား၊ နိုင်ငံခြားသား ဟု ထင်လာကြပါသည်။ ယခုခေတ် တိုင်းရင်းသားဖြစ်ထိုက်သူကို တိုင်းရင်းသားပေးခြင်းဖြင့် ကြိုဆိုရမည်ဖြစ်သော်လည်း ပုဂံခေတ်မှစ၍ သမိုင်းကြောင်းအရ ခိုင်မာစွာ ဖြစ်တည်လျှက်ရှိခဲ့သော ဗမာမွတ်စလင်မ် လူ့အစုအဝေးများကို တိုင်းရင်းသားစာရင်းမှ ပယ်ကာ နိုင်ငံသား သံသရပွားခြင်းမှာ တရားမျှတမှုကင်းမဲ့သော လုပ်ရပ်သာဖြစ်ခဲ့ပါသည်။ တိုင်းရင်းလူမျိုး (၁၃၅)မျိုးထဲ၌ မပါ၍ တိုင်းရင်းသားမဖြစ်နိုင်ဟု ဆိုသူများသည် ဦးနေဝင်း အာဏာရှင်၏ အဓမ္မကျင့်မှုများကို ထောက်ခံခြင်းသာဖြစ်ပါသည်။
       (၁၉၉၃)ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ ပြန့်ကျဲနေထိုင်ကြသော ဗမာမွတ်စလင်မ်များ၏ ဦးရေသည် (၁၆၂၀၂၃၃)ဦးရှိသဖြင့် မြန်မာနိုင်ငံလူဦးရေ၏ (၃.၇၉%)မျှ ရှိခဲ့သည်။ အခြား ခန့်မှန်းချက်များသည် (၇)သန်းအထက်တွင် ရှိကြောင်း တွေ့ရသည်။ ယနေ့ သန်းခေါင်စာရင်းအရ ဗမာမွတ်စလင်မ်များ၏ ဦးရေသည် (၁၂)သန်းကျော်ရှိနေပြီဖြစ်ကြောင်း ထပ်ဆင့်သိရပါသည်။ (၁၉၉၆)ခု သြဂုတ်လ (၁၇) ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဗမာမွတ်စလင်မ်အမျိုးသားအဖွဲ့ချုပ်က ကျင်းပသော ဘာသာပေါင်းစုံ မိတ်ဆုံစားပွဲနှင့် လူမှုရေးအသင်းအဖွဲ့များသို့ အလှူငွေ ပေးအပ်ပွဲအခမ်းအနား မွန်းလွဲ (၂း၀၀) နာရီ၊ စင်ထရယ် ဟော်တယ်ခန်းမ၌ ကျင်းပရာ သာသနာရေးဌာနမှ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ " မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ဘာသာပေါင်းစုံ အသင်းအဖွဲ့များနှင့် တွေ့ဆုံခိုက် ပြောကြားလိုက်သည်မှာ တက်ရောက်လာကြသည့် ဘာသာပေါင်းစုံအဖွဲ့ဝင် ပုဂ္ဂိုလ်များ၏ ဘိုးဘေးမိဘ မိမိတို့ကိုယ်တိုင် အများစုသည် မြန်မာတိုင်းရင်းသား မြန်မာနိုင်ငံသားများဖြစ်ကြကြောင်း ၊ အချို့သည် လူမျိုးနှင့် ဘာသာကို မခွဲခြားနိုင်သေးသူတစ်ချို့ ရှိနေကြောင်း မြန်မာတစ်ယောက်သည် ခရစ်ယာန်ကို ကိုးကွယ်သောကြောင့် အင်္ဂလိပ်လူမျိုးဖြစ်မသွားသကဲ့သို့ အစ္စလာမ်တရားကို ယုံကြည်သောကြောင့် အများခေါ်နေကြသည့် ကုလားဖြစ်မသွားကြောင်း ၊ မြန်မာလူမျိုးသည် မြန်မာလူမျိုးသာဖြစ်နေမှာဖြစ်ကြောင်း ၊ ထို့ကြောင့် ဗမာမွတ်စလင်မ် " ဟု သတ်မှတ်ထားသည်ကို တွေ့ရသည်။ ဘာသာပေါင်းစုံအနက် မိမိယုံကြည်ရာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်အရ လက်ခံကျင့်သုံးကြသော်လည်း မိမိတို့သည် မြန်မာနိုင်ငံသားဖြစ်သည်ဟု စွဲမြဲစွာ နှလုံးပိုက်ထားရန် လိုကြောင်း ပြောကြားသွားပါသည်။
       ပြီးခဲ့သည့် အတိတ်က ဗမာမွတ်စလင်မ်တို့၏ ကိစ္စများကို ပြန်လည်ပြောဆိုနေရခြင်းမှာ ယခုခေတ် ဗမာမွတ်စလင်မ်လူငယ် စာတတ်ပုဂ္ဂိုလ် ခေတ်ရှေ့ပြေးနေကြသည့် လူငယ်များ သိစေရန် ညွှန်ပြနေရခြင်းသာ ဖြစ်ပါသည်။ အမှန်တကယ် တင်ပြရလျှင် ပြီးဆုံးနိုင်မည်မထင်ပါ။  ကျနော်တို့ ဗမာမွတ်စ်လင်မ် လူငယ်တွေ နိုင်ငံတော်အပေါ် သစ္စာရှိသူတွေ ရှေ့ဆက် ဘယ်လိုနေရမလဲ ၊ ရှေ့ဆက် ဘာလုပ်ကြမလဲ ၊ ရှေ့ဆက် ဘယ်လိုခရီးသွားကြမလဲ ၊ ဗမာမွတ်စလင်မ်တွေ ဘယ်လဲလို့ ခင်ဗျားတို့ကို မေးလျှင် ခင်ဗျားတို့ ဘယ်လိုဖြေကြမလဲ။ ဖြေကြည့်ကြစမ်းပါ။ ဖြေကြစမ်းပါ။
       ကျနော်တို့မကြာမီကာလမှာ နဖူးတွေ့ဒူးတွေ့ကြုံကြရမယ့် ကိစ္စတစ်ခုရှိပါသေးတယ်။ အဲ့ဒါက အမျိုးသားမှတ်ပုံတင် ကိစ္စပါ။ ပေါ့ပေါ့တန်တန်တော့ မတွေးကြပါနဲ့။ အထက်က ကျနော် တင်ပြခဲ့သလိုပါပဲ။ သမိုင်းမှာ ဘိုးဘေးဘီဘင်တွေ ဘယ်လောက်ပဲ သစ္စာရှိခဲ့ ရှိခဲ့၊ အင်္ဂလိပ်တော်လှန်ရေး ၊ ဖက်ဆစ် တော်လှန်ရေးတွေမှာ ကျနော်တို့ရဲ့ ဘိုးဘေးတွေရဲ့ သွေးတွေ ဘယ်လိုပဲ မြေခခဲ့ မြေခခဲ့၊ အာဇာနည်(၉)ဦးထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ သေဆုံးခဲ့ကြတဲ့ ခေါင်းဆောင်တွေ ဘယ်လိုပဲ အနစ်နာခံခဲ့ ခံခဲ့၊ ပြည်ထောင်စုနေ့ကို ဖြစ်ပေါ်လာအောင် နိုင်ငံရေးအရ ပင်လုံစာချုပ်ကို ချုပ်ဆိုစေခဲ့တဲ့ ဦးဖေခင် ဘယ်လောက်ပဲ သဘောထားကြီးများခဲ့ ကြီးမားခဲ့၊ မရေတွက်နိုင်အောင် အတိတ်သမိုင်း မြန်မာဘုရင်တွေလက်ထက် တိုင်းတစ်ပါးကို စစ်ချီတဲ့အခါမှာ မြန်မာကို ချစ်ခဲ့တဲ့စိတ်၊ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ အသက်စတေးခံခဲ့ရတဲ့ ဘိုးဘေးတွေရဲ့ အသက်ခန္ဓာတွေ ဘယ်လောက်ပဲ ပျက်စီးခဲ့ ပျက်စီးခဲ့၊ ဒီနေ့ဒီအခါမှာ ကျနော်တို့ဟာ တိုင်းရင်းသားမြန်မာတွေပါလို့ ပုဇဉ်းရင်ကွဲ အော်သံတွေလို ဘယ်လိုပဲ အော်အော် ၊ ဗမာက ကျနော်တို့ကို ဗမာလို့ မထင်ခဲ့ကြဘူး ။ အကပ်မခံခဲ့ကြဘူး။  နိုးကြားရေးခေတ်မှာ ဗမာမွတ်စလင်မ်တွေဟာ မြန်မာစာသည် ဒို့စာ လို့သာ အော်ခဲ့ကြပေမယ့် ဗမာတွေက ကျနော်တို့ကို ကုလားတွေလို့ပဲ သတ်မှတ်နေခဲ့ကြတယ်။ အခု စာရေးနေတဲ့ အချိန်ထိဘဲ။ ကျနော်တို့ရဲ့ဘဝဟာ ချီးတောထဲက လောက်တွေလောက်တောင် သိက္ခာမရှိတော့ဘူး။ ချီးတောထဲက လောက်ကမှ နာမည်ရှိသေးတယ်။ ကျနော်တို့ရဲ့ သန်းချီနေတဲ့ အစုအဝေးမှာတော့ နာမည်မရှိတော့ဘူး။ ရှိတော့ရှိတယ် ကုလား တဲ့။ သိပ်ရင်နာဖို့ကောင်းတယ်။
       ဒီတော့ ကျနော်တို့ ဗမာမွတ်စလင်မ်တွေဟာ တစ်ခုခုတော့ ဆုံးဖြတ်ဖို့လိုလာပါပြီ။ အဲ့ဒီဆုံးဖြတ်ချက်ကတော့ ကျနော်တို့ဟာ ဘာလူမျိုးပါ ၊ ကျနော်တို့ကို အဲဒီလူမျိုးပေးပါလို့ ဘယ်သူ့ဆီမှ တောင်းခံစရာမလိုပါဘူး။ လူမျိုးတစ်မျိုးဆိုတာ မိမိကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ။ အမျိုးသားမှတ်ပုံတင် ပဋိဥာဉ်မှာ အခြားတစ်ယောက်က မိမိကိုလာပြီး ဆရာကြီးလုပ်ပြီး ဒီလူမျိုးပါ ၊ ဟိုလူမျိုးပါလို့ ပြောစရာမလိုပါဘူး။ ဒါကြောင့် ကျနော်တို့ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာမှာ ဒီမိုကရေစီနည်းကျကျပဲ ဗမာမွတ်စလင်မ် အမျိုးသားညီလာခံတစ်ရပ် ခေါ်ဆိုပြီး မိမိဟာ ဘာလူမျိုးဖြစ်တယ်ဆိုတာ ပြဋ္ဌာန်းဖို့ပါပဲ။
       ကဲ ... ဗမာမွတ်စလင်မ်တွေ ဘယ်သွားမှာလဲ ?
       ယနေ့ မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုများကို လေ့လာလျှင် လူဦးရေ တစ်ဦးစီမျှ ရှိသော လူမျိုးစုများ ရှိနေခဲ့ပါသည်။ (န.ဝ.တ) စာရင်းများတွင်လည်း ဖော်ပြထားပါသည်။ အလားတူ တစ်ပြည်လုံးတွင် လူဦးရေ ဆယ်ဂဏန်းမျှပင် မရှိသော လူမျိုးစုများလည်း ရှိကြပါသည်။ ထို့ကြောင့် လူဦးရေ ဆယ်ဂဏန်းပင် မပြည့်သော လူ့အစုအဝေးတို့၏ အခြေခံ လူ့အခွင့်အရေးများကို လေးစားပါလျှင် သမိုင်းကြောင်းအရ ခိုင်မာစွာ ဖြစ်တည်နေသော လူဦးရေ သန်းနှင့်ချီလျှက် ရှိပြီး မြန်မာနိုင်ငံ တိုင်းရင်းသား နိုင်ငံသား စာရင်းမှ အဓမ္မ ဖြုတ်ချခံခဲ့ရသော ဗမာမွတ်စလင်မ် လူ့အစုအဝေးများကို မူလအခွင့်အရေးအတိုင်း ပြန်လည်ရရှိစေရန် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလိုလားသူများ အမှန်တရားကို လိုလားသူများမှ ကူညီပံ့ပိုးကြရန် တာဝန်ရှိကြပါသည်။
       လူမျိုးတစ်မျိုး၏ အမည်ကို အခြားလူမျိုးတစ်မျိုးက ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိရပါ။ မိမိတို့ကံကြမ္မာ ၊ မိမိတို့ ပြဋ္ဌာန်းပိုင်ခွင့် လူမျိုးတိုင်းမှာ ရှိကြပါသည်။ မိမိလူမျိုးအမည်ကို မိမိကသာ ပြဋ္ဌာန်းရပါမည်။ မြန်မာ့သမိုင်းကြောင်းအရ ခိုင်မာစွာ ဖြစ်တည်လာခဲ့ကြသော ဗမာမွတ်စလင်မ် လူ့အစုအဝေးတို့၏ အမည်များမှာ အားနည်းချက်ရှိသည်ဟု အကြောင်းပြချက်ဖြင့် လှစ်လျူရှု့ထားခြင်း ၊ သမိုင်းဖျောက်ဖျက်ခြင်းတို့ကို မပြုအပ်ပါ။ လူမျိုးတစ်မျိုးအမည် ပြဋ္ဌာန်းနိုင်ရန် အားလုံးက ဗမာမွတ်စလင်မ်တစ်မျိုးသားလုံး ဝိုင်းဝန်းကူညီပံ့ပိုးကြပါရန် အလေးအနက်ထား မေတ္တာရပ်ခံ တင်ပြအပ်ပါသည်ခင်ဗျား  .......။
ဦးမောင်မောင်ညွန့်(ပန်းချီညိုပြာ)
နေ့စွဲ။ ၂၆-၃-၂၀၁၃
နံနက် ၁၁ နာရီ ၄၆ မိနစ်

No comments:

Post a Comment