Wednesday, January 14, 2015

ရက်လေးဆယ်
       မွတ်စလင်များသည် မိမိတို့၏ မိဘညီအစ်ကိုမောင်နှမနှင့် ဝလီသူတော်စင်များအားရည်စူး၍ ၎င်းတို့အလ္လာဟ့် အမိန့်တော်ခံယူပြီး ရက်ပေါင်း လေးဆယ်အကြာတွင် အီစာလေစဝါးဗ်အဖြစ် အလှူဒါနပြုကြသည့်အလေ့အထ ရှိပေသည်။ ၎င်းအလေ့အထသည် ကောင်းသောဓလေ့ပင် ဖြစ်ပါ၏။ လမ်းလွဲနေသော ဗိဒ်သ်မဟုတ်ပါ။ ယနေ့ခေတ်အခါတွင် သာသနာ့ကြိုးပမ်းမှုများအတွက် (၃)ရက် ၊ (၇)ရက် ၊ (၁၀)ရက် ၊ ရက် (၄၀)/(တကျိလ္လာ)၊ ရက်ပေါင်း ၁၂၀ (သုံးကျိလ္လာ)၊ ၉လ နှင့်ဆယ်ရက်(ခုနစ်ကျိလ္လာ)၊ တစ်နှစ် -အစရှိသဖြင့် နေ့ရက် ကန့်သတ်၍ သာသနာ့ရေးရာ ခရီးထွက်ခြင်းကို ဗိဒ်သ်ဟူ၍ မယူဆနိုင်ပါလျှင် (၄)ရက်၊ (၇)ရက်၊ ရက်လေးဆယ် ကန့်သတ်၍ အလှူဒါနပြုခြင်းသည် အဘယ်ကြောင့် ဗိဒ်သ် ဖြစ်ရပါမည်နည်း။ အမှန်ဆိုပါမူ မဟာတမန်တော်မြတ်ကြီး(ဆွ)ခေတ်အခါက သာသနာ့ကြိုးပမ်းမှုများအတွက် ထိုသို့ ကန့်သတ်ခဲ့ခြင်းမရှိပါ။ သို့ရာတွင် သာသနာ့ ပညာရှင်ကြီးများက အခြေအနေ အချိန်အခါ အနေအထားအရ လိုအပ်သလို ကန့်သတ်ချက် ထားရှိခြင်းသည် ဗိဒ်အသ်မွတ်စသဟဗ်၊ ဗိဒ်အသ် ဟစနဟ်သာ ဖြစ်ပါသည်။ ထို့အတူ တွရီကဟ်ကျင့်စဉ်တို့တွင်လည်း တရားကျင့်ကြံအားထုတ်မှုအတွက် တစ်ကျိလ္လာ၊ ကိုးကျိလ္လာ အစရှိသဖြင့် ကန့်သတ်ခြင်းမှာလည်း လမ်းလွဲသော ဗိဒ်အသ်မဟုတ်ပါ။
       တရားတော်တွင် (၄၀)ဂဏန်း အရေအတွက်ကို တန်ဖိုးထားမှုရှိသည်။ ကိုယ်တော်သည် ဂါရီဟေရဟ်တွင် ရက်ပေါင်း(၄၀) အိအ်သိကားဖ် ထိုင်တော်မူခဲ့သည်။ မူစာနဗီတမန်တော်သည်လည်း တူရ်တောင်ပေါ်တွင် ရက်ပေါင်း(၄၀) နေထိုင်ခဲ့ပြီးမှ တောင်ရသ်ကျမ်းကို ချပေးခြင်းခံခဲ့ရကြောင်း ကုရ်အာန်တွင်ဖော်ပြထား၏။ မဟာတမန်တော်မြတ်သည် သက်တော်(၄၀)တွင် နဗူဝသ်ကို ကြေငြာတော်မူခဲ့သည်။ ဟဒီးဆ်ပညာရှင်တို့ကလည်း ဟဒီးဆ်တော်(၄၀)ဟူသောကျမ်းများပြုစုကြ၏။ မိခင်၏ သားအိမ်တွင် သန္ဓေသားသည် ရက်ပေါင်း လေးဆယ်၌ အသက်ဝင်ခဲ့ပြီး ရက်ပေါင်းလေးဆယ်တိုင်းတွင် အဆင့်ဆင့် ပြောင်းလဲကြောင်း ဟဒီးဆ်များ၌ ဖော်ပြထားသည်။ နဗီတမန်တော်များအား ကဗရ်၌ ရက်လေးဆယ်ထားရှိကြောင်းလည်း ဟဒီးဆ်တော်၌ရှိ၏။ ကဗရ်တစ်ခုတည်း၌ လူအယောက်(၄၀)ဆင့်၍ မြှုပ်နှံမှုအပေါ် အကျိုးလည်း ဟဒီးဆ်တော်၌ ရှိ၏။
       ဝိညာဉ်သည် ခန္ဓာမှ ထွက်သောအချိန် ကွယ်လွန်ပြီးပြီးချင်းတွင် ဘရ်ဇဒ်လောကကို ရောက်သွားသော ဝိညာဉ်သည် ခန္ဓာအိမ်အဟောင်းနှင့်လည်းကောင်း၊ နီးစပ်သော ဆွေမျိုးမိတ်ဆွေတို့၌ အစွဲဖြစ်၍ ကျန်ရှိနေသေး၏။ ထိုအချိန်တွင် ၎င်းတို့အကူအညီပေးလျှင် ချက်ချင်းရောက်၏။ ၎င်းတို့ကလည်း ၎င်းတို့အား ကူညီမည့်သူကိုအထူးတောင့်တလျက်ရှိကြ၏။ ဒိုအာ၊ ဆွဒကာ၊ ဖွာသေဟာ - အစရှိသည်တို့သည် ထိုအချိန်တွင် အကျိုးအရှိဆုံးအရာများဖြစ်၏။ ထို့ကြောင့်လည်း လူတို့သည် ၎င်းတို့အားကူညီရန် တစ်နှစ်တာကာလအတွင်း ယင်း ကောင်းမှုများ ပြုလုပ်ကြခြင်းဖြစ်ပြီး အထူးသဖြင့် ရက်လေးဆယ်တွင် ပြုလုပ်ပေးအပ်၏။
       ဟာဂျီအင်မ်ဒါဒုလ္လာဟ်သခင်ကလည်း ဖိုင်စလာဟဖ်သေ့မစအ်လာ ကျမ်းတွင် ရေးသည်မှာ ဂေါက်စ်ပါးက်သခင်၏ ဂိယာရဝင် ဒတ်ဝါန် (ဆယ်ရက်) ဗီစဝါန် (၂၀)ရက် ကျလ်ဟမ်(၄၀)ရက် ရှက်ရှ်မာဟီး(ခြောက်လ)စလာမ် (နှစ်ပတ်လည်)ဖွာသေဟာပွဲများ၊ ရှိုက်ခ် အဗ္ဗဒွလ္လာဟ်ဟက္ကသခင်၏ တိုရှာပွဲဘူအလီ ကလန်ဒရ်ရှားဟ်၏ ဘရ်စီနီ၊ ရှဗေ့ဗရာအသ်၏ ဟလဝါနှင့် အခြားသော အီဆွာလေ့ဆဝါးဘ်နည်းလမ်းအားလုံးတို့သည် ဤဥပဒေနည်းလမ်း( ပြုပိုင်သော ဥပဒေ) အောက်၌ အကျုံးဝင်၏။
       ဂယာရဝင်ဆိုသည်မှာ ရဗီအွတ်ဆာနီလတွင် ရှိုက်ခ် အဗ္ဗဒွလ်ကာဒိရ် ဂျီလာနီသခင်အတွက် အီဆွာလေ့စဝါးဗ်အဖြစ် ရည်စူးကျင်းပသော အုရွတ်စ် အခမ်းအနားကိုခေါ်ဆို၏။ ရှေးအခါက အစိုးရဝန်ထမ်း လစာထုတ်ရက်ကို လစဉ်ဆယ်ရက်နေ့ကို ချမှတ်ခဲ့ကြ၏။ (၁၁) ရက်နေ့တွင် မိမိတို့ ဖွာသေဟာ ဖတ်ကြ၏။ ထိုဖွာသေဟာကို အိန္ဒိယနိုင်ငံ၌ ဂိယာရဝင်ဟုခေါ်၏။  တစ်ဖန် ဂေါက်စ်ပါးက်သခင်သည် (ပညာရှင်အများစု၏အဆိုအရ) ရဗီအွတ်ဆာနီလ (၁၀)ရက်နေ့တွင် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူခဲ့သဖြင့် လူအများက ထို(၁၁)ရက်နေ့တွင် သခင့်အတွက် ဖွာသေဟာ၊ အုရွတ်စ်ကျင်းပကြရာ ထိုအခမ်းအနားလည်း ဂိယာရဝင်ဟုခေါ်၏။ ထိုလအတွင်း မည်သည့်နေ့ရက်၌မဆို ကျင်းပသည်ဖြစ်စေ ဂိယာရဝင်ဟုသာ ခေါ်ဆိုလေ့ရှိကြ၏။ ဂေါက်စ်ပါးက် သခင်ကိုယ်တိုင် မိန့်သည်မှာ မိမိသည် အိပ်မက်၌ မဟာတမန်တော်မြတ်အား ဖူးမြော်ရပြီး ကိုယ်တော်က အို-အဗ္ဗဒုလ်ကာဒိရ် ... အသင်သည် (၁၂)ရက် မောင်လူးဒ် (ဘာရဝင်)များ ကျင်းပပြီး ငါ့အားသတိရသည်။ ငါသည် အသင့်အား (၁၁)ရက်အခမ်းအနား (ဂိယာရဝင်)ကို ချီးမြှင့်တော်မူမည်။
       တစ်ဖတ်က အစွန်းရောက်သူတို့ကလည်း မိုင်ယသ်အိမ်မှ တစ်စုံတစ်ရာ စားသုံးခြင်းဖြင့် နှလုံးသားကို သေစေသည်ဟုဆိုကြပြန်သည်။ ကုရ်အာန် ၊ ဟဒီးဆ် ၊ ဖိကဟ်တို့၌ အထောက်အထားမရှိသော ယုံကြည်ချက်ကို လူတို့၌ သွတ်သွင်းပေးကြပြန်သည်။ သေသူအတွက် ရည်စူးသော အစားအသောက်ကို သူဆင်းရဲတို့စားသုံးခြင်းပိုင်ကြောင်းမှာ အဟ်လေ့စွန္နသ်၏ ခိုင်မာသော ယုံကြည်ချက်ဖြစ်သည်။ သူဆင်းရဲတို့ကား နှလုံးသားသေစေသတည်း။ သူဌေးတို့မှာကား နှလုံးအသေခံ၍ မဖြစ်ဆိုသော သဘောသက်ရောက်စေပြန်သည်။ မိုင်ယသ်အိမ်မှ အစားအသောက်ကို ဖရစ်ရှ်တာများ ဘာရောက်စားသည်မဟုတ်ပါ။ လူများသာ စားခွင့်ရှိ၏။ ဆင်းရဲသားများ၏ ရပိုင်ခွင့်ဖြစ်၏။  ဧည့်သည်ကို ဧည့်ဝတ်ပြုခြင်းမျှသာ ရည်ရွယ်ကျွေးမွေးသော အစားအသောက်ကို  ဆင်းရဲချမ်းသာမရွေး၊ နေရာဌာနေ မရွေး စားသုံးခွင့်ရှိ၏။ သေသူအတွက် အကျိုးစဝါးဗ်ရရှိရန် ရည်ရွယ်ကျွေးမွေးသော(၃)ရက် (၇)ရက် ရက်လေးဆယ် အစရှိသော အစားအသောက်များကမူ ဆင်းရဲသားတို့ကိုသာ ကျွေးမွေးရမည်ဖြစ်၏။ ဗရေ့ဟ်လဝီပညာရှင်တို့၏ ဥသျှောင် အီမာမ် အဟ်မဒ် ရေဒ္ဒါခါန်ကလည်း ဂျလီးယွတ်ဆောင်းသ် လင်န်နဟ်ယိဒ် အဝါးသ် အနစ်လ်မိုင်းယစ်သ် - ဟူသော ကျမ်းတစ်စောင်ပြုစုခဲ့ပြီး မိုင်ယသ်အတွက် ရည်စူး၍ ကျွေးမွေးသော အစားအသောက်သည် ဆင်းရဲသားများအတွက်သာဖြစ်ကြောင်း ရေးသားခဲ့သေး၏။ ထိုပညာရှင်ကြီးကိုယ်အား မိမိကွယ်လွန်လျှင် မိမိဖွာသေဟာကို ဆင်းရဲသားများအားကျွေးမွေးရန်မှာကြားလေ၏။ နဗီတမန်တော်မြတ်ကြီးနှင့် ဝလီသူတော်စင်တို့အတွက် အီစာလေ့စဝါးဗ်အစားအသောက်နှင့် မတူပေ။ ရှားဟ်အဗ္ဗဒုလ်အဇီးဇ်မုဟဒ္ဒစ် ဒေ့ဟ်လဝီ(ရဟ)က ရေးသည်မှာ-
       ဝလီသူတော်စင်အချို့အတွက် အီဆာလေ့စဝါးဗ်အဖြစ် ရည်စူး၍ ဖွာသေဟာဖတ်ကာ နို့ထမင်းကျွေးမွေးလျှင် မိမိကိုယ်တိုင်လည်း စားသုံး၍ သူဆင်းရဲတို့အားလည်း ကျွေးမွေးပါ။ သူတော်စင်တို့အတွက်ပါ ရည်စူး၍ ဖွာသေဟာဖတ်ထားသော အစားအသောက်ကို သူဌေးများ ပါဝင်လုပ်ကိုင်သူများလည်း စားသုံးခြင်း ပိုင်၏။
(ရှားဟ်အဗ္ဗဒုလ်အဇီးဇ်ဒေ့ဟ်လဝီ- ဇုဗ်ဒသွန်နစာအိက်ကျမ်း၊ စာ-၁၃၂ တွင် ဝလီတို့၏ ဖွာသေဟာကို သူဌေးများ စားပိုင်ကြောင်း ရေးသားထားသေး၏။
...................... အီမာမ်ဟဆန်နှင့် အီမာမ်ဟုစိုင်န်သခင်တို့အား ရည်စူး၍ စူရာဖွာသေဟာ၊ကွတ်လ် လေးကွတ်လ်နှင့် ဒရူးဒ်ဖတ်ပြီး ဖွာသေဟာ ဖတ်ထားသော အစားအသောက်သည် ဗရ်ကသ်အလွန်ရှိ၏။ ထိုအစားအသောက်များစားသုံးခြင်းသည် အလွန်ဗရ်ကသ်ရှိ၏။ (ဖသ်ဝါ အဇီ ဇီယာ စာ-၇၅)



No comments:

Post a Comment