ပေါ်ပေါက်လာအောင် ဦးဆောင်ကြိုးပမ်းခဲ့သူ
ငါ မောက္ခ ဦးအောင်ခင်
(၂၁ ဧပြီ ၁၉၁၈ - ၈ မေ ၁၉၈၇)
ရခိုင်ပြည်နယ်၊ သံတွဲမြို့ ဇာတိဖြစ်သည်။ အဖ ဦးဖိုးခိုင်၊ အမိ ဒေါ်ကျော့ကျော့တို့က ၁၉၁၈ ခုနှစ် ဧပြီလ ၂၁ ရက်တွင် မွေးဖွားသည်။ သံတွဲမြို့အစိုးရကျောင်းတွင် ပညာသင်ခဲ့ပြီး မိဘများ ပုသိမ်မြို့သို့ပြောင်းရ၍ ပုသိမ်မြို့ အစိုးရကျောင်းတွင် ဆက်လက် ပညာသင်ကြားသည်။ ၁၆ နှစ်သားအရွယ်တွင် ၁၀ တန်းကို ဂုဏ်ထူး ငါးဘာသာဖြင့် အောင်မြင်သည်။ ၁၉၃၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက် ပညာဆည်းပူးခဲ့ရာ ဥပစာသိပ္ပံအပိုင်း(က)နှင့်(ခ)ကို တစ်နှစ်တည်းဖြင့် အောင်မြင်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် သိပ္ပံဘွဲ့ကို ဓါတုဗေဒဂုဏ်ထူးတန်းဖြင့် အောင်မြင်ခဲ့သည်။ Upper Division 2nd Class ဆုကို ဆွတ်ခူးခဲ့သည်။ထိုစဉ်က ဓါတုဗေဒထူးချွန်သူများအတွက် ပေးအပ်ချီးမြှင့်သော ဓါတုဗေဒ သိပ္ပံဂုဏ်ထူးတန်း အမှတ်အများဆုံးဆုဖြစ်သော ဦးရွှေလေး ရွှေတံဆိပ်ဆုကိုလည်း ရရှိခဲ့သည်။
၁၉၃၈-၁၉၃၉ ခုနှစ်တွင် ရူပဗေဒ ဂုဏ်ထူးတန်း သိပ္ပံဘွဲ့ကို အင်္ဂလိပ်အစိုးရက ချီးမြှင့်သော ရွှေတံဆိပ်နှင့်အတူ ဆွတ်ခူးရရှိခဲ့သည်။ တစ်နှစ်တည်းတွင် ဂုဏ်ထူးဆင့်ကဲရရှိခဲ့သောကြောင့် ပညာသင်ဆု ရရှိပြီး ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၉ ရက်တွင် ပညာဆက်လက်ဆည်းပူးရန် ဗြိတန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက်ခဲ့ရသည်။
လန်ဒန်တက္ကသိုလ်မှ D.I.C (Diploma of Imperial College, Food Technology) ဒီပလိုမာဘွဲ့နှင့် A.R.I.C (Associate of the Royal Institute of Chemistry)ဘွဲ့များကို ဆွတ်ခူးရရှိခဲ့သည်။ ပါရဂူဘွဲ့အတွက် ဆက်လက်ဆည်းပူးရန် စီစဉ်ပြီးမှ ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ပွား၍ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရသည်။ မဟာသိပ္ပံဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိသည်။
၁၉၄၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ လက်ထောက် ကထိက အဖြစ် စတင်ဆောင်ရွက်ခဲ့ရာ ငါးနှစ်အကြာတွင် ဓါတုဗေဒကထိက ဖြစ်လာခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဓါတုဗေဒ ပါမောက္ခဖြစ်ခဲ့သည်။ ကုန်ထုတ်ဓါတုဗေဒဌာနပေါ်ပေါက်ရန် ဦးဆောင်ကြိုးပမ်းခဲ့သည်။ ဆရာဦးအောင်ခင်သည် ရန်ကုန်တက္ကသိုလ် ဓါတုဗေဒဌာနတွင် နှစ်ပေါင်း ၃၇ နှစ်တိုင် လက်ထောက်ကထိက မှ ပါမောက္ခအထိ ပညာရေးတာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။
အငြိမ်းစားယူပြီးနောက် နိုင်ငံတော်က ပညာရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်အဖြစ် သုံးနှစ်တာ ထမ်းဆောင်စေခဲ့သည်။ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဓါတ်မြေသြဇာစက်ရုံများ တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်မှု အကြံပေးကော်မတီဥက္ကဋ္ဌ၊ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်၊ သတ္တုတွင်းဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင်၊ ဗဟို သုတေသနအဖွဲ့ အဖွဲ့ဝင်၊ ဓါတုသိပ္ပံဘာသာရပ်ဆိုင်ရာ သုတေသနအဖွဲ့ဥက္ကဋ္ဌ၊ ဒေသကောလိပ်များ တည်ထောင်ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် တက္ကသိုလ်နယ်မြေ အခြေခံအလုပ်သမားအစည်းအရုံးဥက္ကဋ္ဌ၊ ကမာရွတ်မြို့နယ် အလုပ်သမားအစည်းအရုံးအဖွဲ့ဝင်၊ ကမာရွတ်မြို့နယ် စာပေလုပ်သားအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ပါမောက္ခ ဦးအောင်ခင်သည် ဓါတုဗေဒပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများကို အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ရေးသားပြုစုခဲ့သည်။
၁၉၈၇ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် မလေးရှားနိုင်ငံ ၊ ကွာလာလန်ပူမြို့၌ ကွယ်လွန်သည်။
စာကိုး
မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်။(၁၉၈၈)။ရန်ကုန်၊စာပေဗိမာန်။၃၁၅-၃၁၆။

No comments:
Post a Comment