Saturday, January 17, 2015

ပါဠိပါမောက္ခဆရာကြီး အဟ်မဒ်ကာစင်မ်(B.A.,B.Es.)
(၁၈၈၉ ခန့်- ၂၂ နိုင်ဝင်ဘာ ၁၉၅၄)

       ၁၉၃၀ ပြည့်နှစ်မတိုင်မီက တက္ကသိုလ်ကျောင်းသားများသည် ပါမောက္ခကို Professor တက္ကသိုလ်ကို University ဟု အင်္ဂလိပ်လိုခေါ်ခဲ့ရသည်။ ၁၉၃၀ ပြည့်နှစ်ရောက်သောအခါ ဆရာကြီး သခင်ဘသောင်းက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး တက္ကသိုလ်သုံး ဝေါဟာရများကို မြန်မာပြန်ဆိုသည်။ ဆွေးနွေးတိုင်ပင်ပြန်ဆိုနိုင်သူများတွင် ထိုစဉ်က ပါဠိကထိက ဆရာကြီး အဟ်မဒ်ကာစင် ပါဝင်ခဲ့သည်။
       အင်္ဂလိပ်ခေတ်၌ အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံတွင် ပါဠိ ပထမပြန်စာမေးပွဲကိစ္စများကို စီစဉ်ဆောင်ရွက်ရန် ပါဠိဘာသာ ပညာရေးအဖွဲ့တစ်ခုဖွဲ့ပေးထားသည်။ ထိုအဖွဲ့၌  အစိုးရခန့်အဖွဲ့ဝင်အဖြစ် ပါမောက္ခအဟ်မဒ်ကာင်သည် ဦးလူးဖေဝင်း၊ ဒေါက်တာသိမ်းမောင်၊ ဝဇီရဗုဒ္ဓိ ဦးဖိုးစိန်၊ ဦးဘရုပ်တို့နှင့်အတူ ပါဝင်ခဲ့သည်။
        ဆရာကြီး အဟ်မဒ်ကာစင်သည် ၁၉၁၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းသည့် မြန်မာနိုင်ငံ သုတေသနအသင်းတွင် ဥက္ကအဖြစ် ဆောင်ရွက်ခဲ့သည်။ အသင်း၏ နာယကမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဝန်ကြီးချုပ် သခင်နုဖြစ်ပြီး ဥက္ကဋ္ဌမှာ ခန်ဆာဟစ် အေ ကာဆင် B.A ဖြစ်သည်။ ဒုတိယဥက္ကဋ္ဌမှာ ဆရာကြီး ဦးဖေမောင်တင်နှင့် ဂျီအိပ်ခ်ျ လုစ် တို့ ဖြစ်သည်။
       ဆရာကြီး အဟ်မဒ်ကာစင်သည် ကျမ်းမြတ်ကုရ်အာန် မြန်မာဘာသာပြန်ဆိုရန်အတွက် ၁၉၄၈ ခု၊ ဖေဖော်ရီ ၇-ရက်နေ့စတင်ဖွဲ့စည်းခဲ့သည့် ကုရ်အာန်ဘာသာပြန် စာပေ ပရိယတ္တိကော်မတီတွင် ပါဝင်ခဲ့သည်။ ကုရ်အာန်ဘာသာပြန်ဌာနကို ကြီးကြပ်အုပ်ချုပ်၍ ကော်မတီ စတင်ဖွဲ့စည်းသည့် ၁၉၅၀ ပြည့်နှစ် နိုင်ဝင်ဘာလ ၁ ရက်နေ့မှ ကွယ်လွန်သည့် ၁၉၅၄ခု နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ဘာသာပြန်စာမူ တည်းဖြတ်ရေးအဖွဲ့တွင် သဘာပတိအဖြစ် ဆောင်ရွက်ကာ ဘာသာပြန်စာမူကြမ်းများကို တည်းဖြတ်ခဲ့သည်။ ဆရာကြီးသည် အရဗီ၊ ဖာရစီ ၊ အူရဒူ ၊ ပါဠိနှင့် အင်္ဂလိပ်စာပေတို့တွင် ကျွမ်းကျင်သည်။ ကုရ်အာန်ဘာသာပြန်ဆိုမှုနှင့်ပတ်သက်၍ အများဆုံး အကြံဥာဏ်ပေးခဲ့သည်။
       ထို့အပြင် မြန်မာနိုင်ငံ အစ္စလာမ် စာပေသမိုင်းတွင် အရဗီဘာသာစကားနှင့် စပ်လျဉ်းသည့် ပထမဆုံးအဘိဓါန်ကြီးဖြစ်သော ကုရ်အာန်ကျမ်းတော်ကြီး အရဗီ၊ အင်္ဂလိပ်၊ မြန်မာ အဘိဓါန် (၁၉၄၁)ကိုလည်း ကြီးကြပ်စစ်ဆေးပေးခဲ့သည်။ ထိုအဘိဓါန်ကို ဒေါက်တာ ဟာဂျီ အဗ္ဗဒူလ်ဂဖူးရ်ခေါ် ဦးဘချို၊ မော်လဝီ မိုဟမ္မဒ် ရဟမတွလ္လာဟ်ဆပ်၊ မော်လဝီ အဗ္ဗဒူရာမန်နဒ်ဝီဆပ်တို့က ဘာသာပြန်ဆိုသည်။ စင်္ကာပူမြို့အငြိမ်းစား တရားသူကြီး အလ်ဟာဂ်ျဟာဖိဇ် ဂိုလာမ်ဆာရ်ဝါရ်(M.A) အင်္ဂလိပ်ဘာသာဖြင့် ပြုစုခဲ့သည့် အရဗီ အင်္ဂလိပ် အဘိဓါန်ကို အခြေခံပြီး မြန်မာပြန်ဆို ဖြည့်စွက် ပြုစုခြင်းဖြစ်သည်။ ထိုအဘိဓါန်ကို ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာရပ် ပါမောက္ခ ဆရာကြီးခါန်ဆာဟစ်ဘ် အဟ်မဒ် ကာစင်မ် က ကြီးကြပ်စစ်ဆေးသည်ဟု ဖော်ပြထားသည်။
       ဆရာကြီးသည် ၁၉၂၃ခု နိုဝင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာဌာန ကြီးကြပ်သူအဖြစ်ဆောင်ရွက်ခဲ့သည်။ ပညာရေးလောက၌ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သည်။ နောက်ပိုင်းတွင် ပါဠိဌာန၌ ပါမောက္ခအဖြစ် အမှုထမ်းခဲ့သည်။ အသက် ၆၅ နှစ်အရွယ် ၁၉၅၄ ခု ၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။     ။
စာကိုး
       ကမ္ဘာ့အလင်း မဂ္ဂဇင်း။ အတွဲ ၃။ အမှတ်  ၂၅။ ၅၃။
       ဇေယျာ၊ မောင်။ (၂၀၀၃)။ စာပေသမိုင်းပုဂ္ဂိုလ်ရေး အတွေးအမြင်များ။ ရန်ကုန်၊ ချစ်စရာစာပေ။ ၂။
       ပါရဂူ။ (၁၉၉၈)။ ပရကထာ။ ရန်ကုန်၊ မုံရွေးစာအုပ်တိုက်၊ ၁၅၂။

***

No comments:

Post a Comment