Thursday, January 1, 2015

တမန်တော်မြတ် မုဟမ္မဒ်(အေဒီ ၅၇၀-၆၃၂)၏ သြဝါဒမွန်များ


တမန်တော်မြတ် မုဟမ္မဒ်(အေဒီ ၅၇၀-၆၃၂)၏ သြဝါဒမွန်များ

{လူ့တန်ဖိုး}

♥  အို ... လူသားတို့၊ အသင်တို့၏ အရှင်သည် တစ်ပါးတည်း။ အသင်တို့၏ ဖခင်သည် တစ်ဦးတည်း။ အာရပ်တစ်ဦးသည် အာရပ်မဟုတ်သူထက် မသာ။ အာရပ်မဟုတ်သူသည် အာရပ်ထက်မသာ။ အနီသည် အနက်ထက်မသာ ။ အနက်သည် အနီထက်မသာ။ အလ္လာအရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညား၍ ထိုအရှင်မြတ်၏ ဒေသနာတော်များကို လက်တွေ့လိုက်နာကျင့်သုံးခြင်းအားဖြင့်သာလျှင် တစ်ဦးထက်တစ်ဦး သာနိုင်ပေသည်။

♥  အို ... ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့၊ အသင်တို့သည် အချင်းချင်း အဆက်မဖြတ်ကြနှင့်။ အချင်းချင်း အတင်းမပြောကြနှင့်။ မမုန်းကြနှင့်။ မနာလိုစိတ်မရှိကြနှင့်။ အို ... လူသားတို့၊ အသင်တို့သည် အချင်းချင်း ညီနောင်များဖြစ်ကြသည်။ အသင့်အား အဆက်ဖြတ်သူကို လိုက်ဆက်ပါ။ အသင့်အား စော်ကားသူကို ခွင့်လွှတ်ပါ။ အသင့်အား ဒုက္ခပေးသူကို သုခပေးပါ။

♥ ဝေနေယျသတ္တဝါအားလုံးသည် အလ္လာဟ် အရှင်မြတ်၏ အိမ်တော်သားများဖြစ်ကြသည်။ ဝေနေယျသတ္တဝါအားလုံးတို့၏  ချစ်မြတ်နိုးဖွယ်ရာ အကောင်းဆုံးသောသူမှာ ထိုအရှင်မြတ်၏ အိမ်တော်သားများအား အများဆုံးအကျိုးပြုသူသာ ဖြစ်သည်။ လူသည် အလ္လာ့ဟ်ဗိမာန်ဖြစ်သည်။ အလ္လာဟ့်ဗိမာန်ကို ဖြိုဖျက်သူသည် ပျက်စီးခြင်းမလှ ပျက်စီးရမည်။

♥ ကမ္ဘာ့အရှေ့ဖျားတွင် လူသတ်မှုတစ်ခု ဖြစ်ပွားသည်ကို ကမ္ဘာ့ အနောက်ဖျားမှ လူတစ်ဦးက နှစ်သက်ခဲ့သည်ရှိသော် ထိုသူသည် ထိုလူသတ်မှုတွင် တရားခံတစ်ဦးအဖြစ် အပါအဝင်ဖြစ်သည်။ ငယ်သူကို မသနား။ ကြီးသူကို မလေးစားသူသည် ငါ၏ အသင်းဝင် မဟုတ်။

{စီးပွားရေး}

♥ သာသနာ့ တာဝန်များ၏နောက် မလုပ်မနေရတာဝန်တစ်ရပ်မှာ တရားသဖြင့် စီးပွားရှာဖွေခြင်းဖြစ်သည်။

♥ အလ္လာဟ်အရှင်မြတ်သည် အသက်မွေးဝမ်းကျောင်း နှင့် စပ်ဆိုင်သော အတတ်ပညာကို နှစ်သက်တော်မူသည်။ စီးပွားရှာဖွေရာတွင် အကောင်းဆုံးသော ကုန်သည်များမှာ စကားပြောလျှင် မလိမ်ကြ။ အပ်နှံခြင်းခံရလျှင် အလွဲသုံးစားမပြုကြ။ ကတိထားလျှင် ကတိမဖျက်ကြ။ ဝယ်လျှင် သူတစ်ပါးပစ္စည်းကို အပြစ်မပြောကြ။ ရောင်းလျှင် မိမိတို့၏ ပစ္စည်းကို ပုံကြီးမချဲ့ကြ။ မိမိတို့က ပေးဆပ်ရန်ရှိလျှင် အချိန်မဆွဲကြ။ မိမိတို့က ရရန်ရှိလျှင် အကြပ် မကိုင်ကြ။ မတ်ြကြီးမစားရ။ ခေါင်းပုံမဖြတ်ရ။ မသမာသောစိတ်ထားဖြင့် မစ္စည်း မသိုလှောင်ရ။

{စိုက်ပျိုးရေး}

♥ အသင်တို့သည် ဘယ်ယာကိုင်းကျွန်းလုပ်ကိုင်ကြ။ လယ်ယာကိုင်းကျွန်း လုပ်ကိုင်ခြင်းသည် မင်္ဂလာရှိသည်။ တိုးပွားသည်။

{အလုပ်သမား}

♥ အသင်တို့သည်  လုပ်သားများအား တစ်နေ့လျှင် အကြိမ်ပေါင်း ၇၀ - တိုင်တိုင် ခွင့်လွှတ်ကြ။ လုပ်သားအား ချွေးမခြောက်မီ လုပ်ခ ပေးကြ။ ခဲယဉ်းသော အလုပ်ဖြစ်လျှင် မိမိတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်ကြ။

{တိရစ္ဆာန်များ}

♥ အသင်တို့သည် တိရစ္ဆာန်များကို အချင်းချင်း မတိုက်ကြနှင့်။ အသင်တို့သည် တိရစ္ဆာန်များကို ပစ်မှတ်မလုပ်ကြနှင့်။ စကားမပြောတတ်သော တိရစ္ဆာန်များနှင့်ပတ်သက်၍ အလ္လာအရှင်မြတ်ကိုကြောက်ကြ။

{တန်ဖိုးထားပါ}

♥ အိုမင်းရင့်ရော်ခြင်းမရှိမီ ပျိုရွယ်မှုကို တန်ဖိုးထားပါ။ မကျန်းမာ မသန်စွမ်းမီ ကျန်းမာသန်စွမ်းမှုကို တန်ဖိုးထားပါ။ ဆင်းရဲပွဲတေမှုမဖြစ်မီ ကြွယ်ဝမှုကို တန်ဖိုးထားပါ။ မသေမီ ရှင်သန်မှုကို တန်ဖိုးထားပါ။

{သတိပြုပါ} 

♥ လူ့ခန္ဓာ၌ ရတနာလေးပါးရှိပြီး ယင်းတို့ကို အရာလေးခုက ဖျက်ဆီး၏။ ရတနာလေးပါးမှာ -
(၁)အသိဥာဏ်
(၂)သာသနာ့ကျင့်သုံးမှု
(၃)အရှက်တရား
(၄)ကောင်းမှု တို့ဖြစ်သည်။
ဒေါသ သည် အသိဥာဏ်ကို ဖျက်၏။
မနာလိုမှုသည် သာသနာ့ကျင့်သုံးမှုကိုဖျက်၏။
လောဘသည် အရှက်တရားကိုဖျက်၏။
အတင်းပြောခြင်းသည် ကောင်းမှုကိုဖျက်၏။

{မွတ်စလင်}

♥ သူတစ်ပါးအား မိမိနှုတ်ဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း၊ ဒုက္ခ မပေးသောသူသာလျှင် မွတ်စ်လင်မ်ဖြစ်သည်။
♥ မွတ်စ်စလင်မ်တစ်ဦး၏ ကောင်းခြင်းမှာ အချည်းနှီး အဓိပ္ပါယ်မဲ့သော စကားများ ပြောဆိုခြင်းမှ ရှောင်ကြင်ခြင်း ဖြစ်သည်။
♥အိမ်နီးနားချင်းကို ဒုက္ခပေးသူသည် မုအ်မင်န်မဟုတ်၊ မွတ်စလင် မဟုတ်။
♥ အသင်တို့သည် မိမိတို့အတွက် နှစ်ခြိုက်သောအရာကို ကမ္ဘာသူ ကမ္ဘာသားတို့အဖို့လည်း နှစ်ခြိုက်ပါ။ သို့မှသာ အသင်တို့သည် ပီပီပြင်ပြင် မွတ်စလင် ဖြစ်မည်။

{လူသားချင်း ဆက်ဆံမှု}

♥ သူတစ်ပါးတို့အား သနားသူများကိုသာလျှင် အလ္လာဟ်အရှင်မြတ် သနားတော်မူသည်။
♥ တစ်ဖက်သားအား အထင် မမှားရ။ အချင်းချင်း အပြစ်မရှာရ။ နောက်ကွယ်မပြောရ။ ကုန်းမချောရ။


{ကမ္ဘာကြီးအတွက် အမှတ်တရ}

♥ ကမ္ဘာကြီး ပျက်စီးဆိတ်သုဉ်းအံ့ဆဲဆဲအချိန်မှာပင် အသင်တို့အနက် တစ်ဦးတစ်ယောက်၏လက်တွင် ကောက်ပင်တစ်ပင်ရှိနေပါက အချိန်ရသေးပါက ထိုကောက်ပင်ကို အမှတ်တရ စိုက်လိုက်ရမည်။

{ဘာသာရေး}


♥ သင်တို့သည် ဘာသာရေးအယူသီးမှုကို သတိကြီးစွာဖြင့် ရှောင်ရှားကြလော့။ ရှေးခေတ်လူများသည် ဘာသာရေးအယူသီးမှုကြောင့်ပင် ပျက်စီးခဲ့ကြဖူးသည်။

{ဘဝနေနည်း}

♥ သီးခံခွင့်လွှတ်ပါ။ သို့သော် လူညံ့ မဖြစ်ပါစေနှင့်။
♥ ကျိုးနွံစွာဆက်ဆံပါ။ သို့သော် ကျွန် မဖြစ်ပါစေနှင့်။
♥ သတ္တိရှိရှိနေပါ။ သို့သော် လူမိုက်မဖြစ်ပါစေနှင့်။
♥ ဖျတ်ဖျတ်လတ်လတ်နေပါ။ သို့သော် ပြာလောင် မခတ်ပါစေနှင့်။
♥ ခြိုးခြံချွေတာပါ။ သို့သော် ကပ်စေး မနည်းပါစေနှင့်။

{တမန်တော်မြတ်၏ ဓလေ့တော်}

♥ တမန်တော်မြတ်သည် မိမိနှင့် ပတ်သက်၍ သုံးခုကို အထူးရှောင်ကြဉ်သည်။ အငြင်းအခုန်ပြုခြင်း၊ လိုသည်ထက်ပို၍ စကားပြောခြင်း၊ အဓိပ္ပါယ်မရှိသောစကားတွင် ပါဝင်ပြောဆိုခြင်း။
♥ သူတစ်ပါးနှင့်ပတ်သက်၍ သုံးခုကို အထူးရှောင်ကြဉ်သည်။ သူတစ်ပါးအား မကောင်းပြောခြင်း၊ သူတစ်ပါးကို အတင်းပြောခြင်း၊ အပြစ်ရှာခြင်းနှင့် သူတစ်ပါး၏ အတွင်းရေးကို လေ့လာခြင်း။

{ရှောင်လေ ဝေးဝေး မူးယစ်ဆေး}

♥ မူးယစ်စေတတ်သော အရာအားလုံးသည် ဟရာမ် အလျဉ်းမသောက်သုံး၊ မသုံးစွဲအပ်။ ဒုစရိုက်မှုအပေါင်း၏ ဦးခေါင်းဖြစ်သည်။
♥ မိဘစကားကို သွေဖည်သူများ၊ အလောင်းအစားပြုသူများ၊ မိမိ၏ ကျေးဇူးကို ထုတ်ဖော်ပြောဆိုလေ့ရှိသူများနှင့် အမြဲ သေရည်သေရက်သောက်သောသူများသည် ဂျန္နတ်သုခဘုံတွင် စံစားရမည် မဟုတ်။

{လုပ်ရပ်နှင့်စိတ်ဓါတ်}

♥ မုချဧကန် အလ္လာအရှင်မြတ်သည် သင်တို့၏ ရုပ်သွင်များ၊ ဥစ္စာဓနများကိုမကြည့်။ သို့သော် သင်တို့၏ စိတ်နှလုံးများ၊ လုပ်ရပ်များကို ကြည့်တော်မူ၏။

No comments:

Post a Comment