Monday, January 5, 2015

السلام عليكم ورحمة الله وبركاته

မီလာဒွန်နဗီ

      ကမ္ဘာ့မွတ်စ်လင်မ် နိုင်ငံအများစု၌ မီလားဒ်အခမ်းအနား မောင်လိ ဒုလ်ရစူလ် ဟု ခေါ်ကြသည်။ အိန္ဒိယ၊ ပါကစ္စတန်၌ မီလာဒွန်နဗီ ဟု ခေါ်ကြသည်။ မဟာတမန်တော်မြတ်ကြီး ဖွားသန့်စင်တော်မူရာ နေ့ရက်အချိန်ကို မီလာဒွန်နဗီ ဟု ခေါ်ဆိုခြင်းမှာ ဟဒီးဆ်ပညာရှင်ကြီးများ၏ အခေါ်အဝေါ်ဖြစ်၏။ ဆွဟီးဟ် သိရ်မေဇီကျမ်း၏ ကိသာဗုလ်မနာကစ်ဗ်၌ ပထမဆုံးအခန်းမှာ باب فضل النبي صلي الله عليه وآله وسلم ဖြစ်ပြီး ဒုတိယအခန်းမှာ မီလာဒွန်နဗီနှင့် ပတ်သက်၍ လာရှိသော ဟဒီးဆ်များ၏ အခန်း با ما جا ء في ميلا دالنبي سلي الله عليه وآله وسلم ဖြစ်သည်။၎င်းဖော်ပြချက်သည် မဟာတမန်တော်မြတ် ဖွားသန့်စင်တော်မူရာ နေ့မြတ် အချိန်အခါကို မီလာဒွန်နဗီဟု ခေါ်ဆိုလာကြခြင်း၏ အဓိက အကြောင်းရင်းဖြစ်၏။ မီလားဒ် ဟု ခေါ်ခေါ်၊ မောင်လစ်ဒ် ဟု ခေါ်ခေါ်၊ တူရကီအသံဖြင့် မော်ဝ်လူးဒ်ဟု ခေါ်ခေါ် မဟာတမန်တော်မြတ်မွေးနေ့ အခမ်းအနားများသည် ရှေးအတီတေ ကာလမှစတင်၍ မြစ်ခြေခိုင်မာစွာနှင့် သမိုင်းအစဉ်အလာကောင်းများဖြင့် ရပ်တည်လာခဲ့ခြင်းဖြစ်သည်။ မီလားဒ် အခမ်းအနားများနှင့် ပတ်သက်၍ မဇ်ဟဗ်ပေါင်းစုံမှ ရှေးပညာရှင်ပေါင်းများ၏ တညီတညွတ်တည်း ထောက်ခံ အတည်ပြုချက်ဖြင့် ကျင်းပလာခဲ့ခြင်းဖြစ်သည်။ ဆော်ဒီအာရေဗျ (ဟေဂျားဇ်) နယ်မြေအား စလဖီဝါဒ မလွှမ်းမိုးမီအလျင် လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာအထိ ကာလအတွင်း အစ္စလာမ့်ပညာရှင်များလောကတွင် မီလားဒ် အခမ်းအနားအား ပြစ်တင်ဝေဖန်သည့် ပညာရှင်ဟူ၍ တစ်ဦးသာပေါ်ပေါက်ခဲ့ဖူးသည်။
      အလ္လာမဟ်နဗ်ဟာနီ အမည်ရှိ မာလကီမဇ်ဟဗ်ဝင် ပညာရှင်တစ်ဦးဖြစ်သည်။ ထိုပညာရှင်၏ ရေးသားချက်တို့ကို အီမာမ် ဂျလာလွဒ္ဒီးန် စုယူတွီက ဟွတ်စ်နုလ်မက္ကဆစ်ဒ်ဖီအာ့မလိလ် မောင်လစ်ဒ်ကျမ်းကိုရေးသားပြီး တစ်ချက်ချင်း ပြန်လည် ချေပခဲ့သည်။ (အလ္လာမဟ် နဗ်ဟာနီကလည်း မီလားဒ် အခမ်းအနားကို ဝေဖန်ခြင်းမဟုတ်ဘဲ အခမ်းအနားကျင်းပပုံ နည်းလမ်းများကိုသာ ဝေဖန်ခဲ့ခြင်းဖြစ်သည်။)
      အဟ်လုစွန္နသ် ပညာရှင်များအနက် အလ္လာမဟ် နဗ်ဟာနီမှလွဲ၍ မီလားဒ် အခမ်းအနားများအပေါ် ပြစ်တင်ဝေဖန်ခဲ့ဖူးသော အထင်ကရ ပညာရှင်ဟူ၍ မီလားဒ်ကို ဝေဖန်သူများ ထောက်ပြနိုင်ကြမည်မဟုတ်ပေ။ လွန်ခဲ့သော နှစ်တစ်ရာကာလအတွင်း၌  အိန္ဒိယတိုက်မှလည်းကောင်း၊ ကမ္ဘာ့မွတ်စလင်နိုင်ငံများ၌ လည်းကောင်း မော်လူးဒ်အခမ်းအနားများကို ဝေဖန်ခဲ့သော ပညာရှင်ဟူ၍ မရှိခဲ့ပေ။ ပရော်ဖက်ဆာ ဒေါက်တာ တွာဟိရ်ကာဒရီက အစ္စလာမ့် ရှေးပညာရှင်ကြီး(၁၁၆)ပါးမှ မိမိတို့၏ ကမ္ဘာကျော်ကျမ်းများ၌ မီလားဒ်အခမ်းအနားနှင့်ပတ်သက်၍ ထောက်ခံဆွေးနွေးရေးသားချက် (မူရင်း) ကို စုစည်းပေးထားပါသည်။
      ကျွန်ုပ်စာရေးသူအနေဖြင့် မီလားဒ် အခမ်းအနားများနှင့် ပတ်သက်၍ အဓိက ဦးတည်ရေးသားနေခြင်း မဟုတ်ဘဲ နေ့ရက် ကန့်သတ်မှုများနှင့် ၄င်း၏ အခြေခံအထောက်အထားများအကြောင်းသာ ရေးသားခြင်းဖြစ်သောကြောင့် ဤမျှဖြင့်သာ အဆုံးသတ်လိုပါသည်။
*** 
      မီလားဒ် အခမ်းအနားနှင့်ပတ်သက်၍ ကျမ်းပေါင်း ရာချီအောင် ကိုးကား တင်ပြနိုင်သော်လည်း ထိုကဏ္ဍကို ရေးသားနေခြင်းမဟုတ်သဖြင့် ဤမျှနှင့်ပင် လုံလောက်သည်ဟု ယုံကြည်မိပါသည်။ မီလားဒ်အခမ်းအနားကို အိန္ဒိယရှိ ပညာရှင်များက လက်မခံပါဆိုသော ကိစ္စ၊ မီလားဒ်အခမ်းအနားကို ဗစ်ဒ်အတ်ဟု မြင်ကြပါသည် ဆိုသော ကိစ္စအတွက်မူ အဖြေပေးရန် ဒေယိုဘန်ကျောင်း၏ အောက်ပါ ဖသ်ဝါဖြင့်ပင် လုံလောက်ပါသည်။ ထိုပညာရှင်ကြီးတို့သည် အခမ်းအနား၏ မြင့်မြတ်မှုကို ဝေဖန်ကြခြင်းမရှိဘဲ ထိုပညာရှင်ကြီးများနေထိုင်ရာ အိန္ဒိယနိုင်ငံ၌ ဖြစ်ပျက်နေသော အခမ်းအနားကျင်းပပုံ နည်းလမ်းအပေါ်သာ ဝေဖန်ကြခြင်းဖြစ်ကြောင်း ထိုဖသ်ဝါကို ကြည့်ရုံဖြင့် သိနိုင်ပါသည်။ ထိုအခြေအနေမျိုး မြန်မာနိုင်ငံ၌ မရှိပေ။
     ဟရမိုင်းနေ့ ရှရီဖိုင်း(မက္ကာဟ်၊မဒီနာ)နယ်မြေနှစ်ခုမှာ သာသနာ့ပညာရှင်များ စုပေါင်း၍ ကွဲလွဲသော မစအီလာ(၂၆)ခုကို ဒေယိုဘန်ပညာရှင်များအား ဖတ်ဝါ မေးမြန်းခဲ့၏။ မောင်လာနာ မဟ်မူးဒ် ဟစန်၊ မောင်လာနာ အာရှစ်က်အေလာဟီ နှင့် ဒေယိုဘန်မွတ်ဖ်သီချုပ်၊ မွတ်စ်ဖ်တီ အဇီဇုရ်ရဟ်မာန်(ရဟ်)တို့ ဖြေကြားခဲ့ပြီး المند علي المفند   ဟူသောကျမ်းတစ်စောင်ထုတ်ဝေခဲ့၏။ မေးခွန်းတစ်ခုမှာ-

 أتقولون ذكر و لا د ته صلي الله عليه وآله وسلم مستقبح شر عا من البد عا ت السيءة أم غير ذلك ؟

       အသင်တို့က ကိုယ်တော်မြတ်ဖွားတော်မူရာ အခမ်းအနားကို ရှရီအသ် အမြင်အရ မကောင်းသောလုပ်ရပ်၊ မကောင်းသော ဗစ်ဒ်အသ်ဟရာမ်းသို့ဟုတ် အခြားတစ်စုံတစ်ခုခု ပြောဆိုကြပါသလား။

အဆိုပါမေးခွန်းကို မောင်လာနာခလီးအဟ်မဒ် စဟ်ရမ်ပူရီ(AH 1296-1346)က ပြန်လည်ဖြေကြားခဲ့သည်မှာ -
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
حا شا أن يكول أحد من المسلمين فضلاأن نقول نحن أن ذكر ولا دته الشر يفة
 ကိုယ်တော်မြတ်(ဆွ)မွေးနေ့အခမ်းအနားကို အပြစ်ပြောဆိုရန်မထားနှင့်။ ကိုယ်တော်မြတ်၏ ဖိနပ်တော်၌ ကပ်ညိနေသော ဖုံမုန့်အကြောင်း၊ ကိုယ်တော်မြတ်စီးနင်းသော မြည်းသတ္တဝါအကြောင်း ဂုဏ်တော်ဖွဲ့ပြောဆိုလျှင်ပင် ဟရာမ်ဖြစ်သော ဗစ်ဒ်အသ်စိုင်ယိဟ် အဖြစ် ကျွန်ုပ်တို့အနက်မှ ပြောဆိုမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိပါ။ ကိုယ်တော်မြတ်ကြီး(ဆွ) နှင့် မြူမှုန်လောက်မျှသာ ဆက်စပ်မှုရှိနေသည်ဖြစ်ပါစေ ယင်းကို နှစ်သက်ဖွယ် အကောင်းဆုံး မန်ဒူးဗ်၊ အမြင့်ဆုံးမွတ်စ်သဟဗ်အဖြစ် ကျွန်ုပ်တို့လက်ခံထား၏။ ကိုယ်တော် ဖွားတော်မူခြင်းအကြောင်းပဲ ပြောပြော ကိုယ်တော်၏ အပေါ့၊ အလေး၊ အိပ်ခြင်း၊ ထိုင်ခြင်း ၊ အိပ်မက်မက်ခြင်း၏ အကြောင်းပဲပြောပြော ကိုယ်တော်နှင့် ဆက်နွယ်နေသမျှ အမြင့်ဆုံး မွတ်စ်သဟဗ်သာဖြစ်၏။ ဤအကြောင်းကို အလ်ဘရာဟီနေ့ကာတွေအာ ဟူသော ကျွန်ုပ်တို့၏ စာတမ်း၌ နေရာ တော်တော်များများနှင့် ရှင်းလင်းခဲ့ပြီးဖြစ်ပါသည်။
***
      တမန်တော်မြတ်ကြီး၏ မွေးနေ့အခမ်းအနားများသည် ဖရဇ်အဖြစ် ပြဋ္ဌာန်းထားသော အိဘာဒသ်များ၏ အချိန်နှင့်လည်း ကင်းလွတ်မည်၊ ကိုယ်တော်မြတ်ကြီးက အကောင်းဆုံးခေတ်ပါဟု မိန့်ထားသော ခေတ်ကြီးသုံးခေတ်နှင့် ဆွဟာဗာကြီးများ၏ လမ်းစဉ်ကိုလည်း မဆန့်ကျင်၊ ဗစ်ဒ်အသ်နှင့် ရှရစ်က်၏ အငွေ့အသက် မကင်းသော အကီဒါမျိုးလည်း မထား၊ ငါနှင့် ငါ့ဆွဟာဗာကြီးများ၏ လမ်းစဉ်ဟု မစဟာတမန်တော်မြတ်ကြီး တဖွဖွမိန့်ကြားခဲ့သော ဆွဟာဗာတို့၏ စီရသ် သမိုင်းအစဉ်အလာရှိ ဂါရဝတရားထားပုံနှင့်လည်း မဆန့်ကျင်၊ ရှရီအသ်က တားမြစ်ထားသော ကိစ္စရပ်များလည်း ထိုထိုင်ဝိုင်း၌ ပါဝင်မရှိ၊ မလုပ်မနေရသော အချိန်တစ်ခုခုကို ကန့်သတ်ထားခြင်းမရှိဘဲ ကောင်းမြတ်သောနီယသ်ဖြင့် အစ်ခ်လားစွ် စိတ်စေတနာဖြူစင်စွာဖြင့် ဇိကိရ်များ ပြုလုပ်ခြင်းသည် ကောင်းမှုမည်၏ဟူသော အကီဒါမျိုးထားရှိ၍ ထိုအခမ်းအနားကျင်းပမည်ဆိုလျှင် ၄င်းတို့သည် ကောင်းခြင်းမင်္ဂလာ (ခိုင်းရ်၊ဗရ်ကသ်)၊ မလွဲမသွေ ရရှိမည်ဖြစ်၏။ ထိုသို့ဖြစ်လျှင် မောင်လူးဒ် အခမ်းအနားသည် ရှိရီအသ်၌ မရှိ၊ဗစ်ဒ်အသ်ဖြစ်သည်ဟု ပြောရဲသည့် မွတ်စလင်မ် တစ်ဥိးတစ်ယောက်ရှိကြောင်း ကျွန်ုပ်တို့ မသိသေးပါ။
      မဇွာဟေရွတ်လ်အုလူးမ်ကျောင်း၏ ဥသျှောင် မွတ်ဖ်သီ မုဟမ္မဒ်မဇွာဟိရုလ္လာဟ်(ရဟ်)ကလည်း (၁၂)ရက် မောင်လွဒ် အခမ်းအနားများကို မဟာတမန်တော်မြတ်လက်ထက် ဆွဟာဗာများ လက်ထက်တွင် မရှိခဲ့ပါ ဆိုခြင်းသည် တားမြစ်ပိတ်ပင်ရန် ခိုင်လုံသော အကြောင်းပြချက်မဟုတ်ကြောင်း အောက်ပါ အတိုင်း ဖသ်ဝါ ပေးခဲ့၏။
***

      အိန္ဒိယ နိုင်ငံ ဒါရုလ်အိုလူမ်ကျောင်းကြီးကို စတင် ထူထောင်ခဲ့သော မောင်လာနာကာစင်မ် နာနသဝီ(၁၈၃၃-၁၈၈၀)၊ ဟကီမုလ်အွမ္မသ်ဘွဲ့အမည်ဖြင့် ကျော်ကြားသော မောင်လာနာ အရှ်ရဖ်အလီ ထာနဝီ(၁၈၆၃-၁၉၄၃)၊ မောင်လာနာ မဟ်မူးဒ် ဟဆန် (၁၉၂၀) ၊ ပီရ်မုဟမ္မဒ် အလီရှားဟ် ဂွတ်လ်ရဝီ (၁၈၅၉-၁၉၃၇)၊ မောင်လာနာ ရှရီးဒ် အဟ်မဒ် ဂန်ဂိုဟီ(၁၈၂၉-၁၉၀၅)(ရဟ်) တို့၏ ပီရ်ဥပဇ္ဈာယ် ဆရာဖြစ်သော ဟဇရသ် စိုင်ယစ်ဒ် အလ်ဟာဂ်ျ ဟာဖစ်ဇ် မောင်လာနာ ရှားဟ် မုဟမ္မဒ် အင်မ်ဒါဒုလ္လာဟ် မုဟဂျိရိမက္ကီ(ရဟ်)သခင်ကြီး (AD  1817- 1899) ရေးသားခဲ့သောကျမ်းများအနက် ဖိုင်ဆွလာဟ် ဟမ်သိမစအ်လဟ်ကျမ်းသည် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကျော်ကြားသော ကျမ်းတစ်ဆူဖြစ်၏။  အဆိုပါကျမ်း၌ ဟာဂျီ အင်မ်ဒါဒုလ္လာဟ်သခင်ကြီးရေးသားသော ဓမ္မသတ်ခုနှစ်ချက်တွင် မောင်လူးဒ် ရှရီးဖ်၊ ဖာသိဟာ၊ အုဟုဒ် နှင့် စေ့မာဟ်၊အစ်သိဂါ(အလ္လာဟ်မှတစ်ပါး အခြားသူ အား မဒက်သ် အကူအညီတောင်းခံခြင်း)အစရှိသည်တို့ပါဝင်၏။ မုဟာဂျိရ်မက္ကီသခင်ကြီး၏ ရေးသားချက်အချို့မှာ ...
    အဖန်ဆင်းခံ ဝေနေယျခပ်သိမ်းတို့အနက် အမြတ်ဆုံးဖြစ်တော်မူသော နှစ်ဘဝအရှင် ကိုယ်တော်မြတ်သခင်၏ မီးရှူးသန့်စင် ဖွားမြင်တော်မူသည် အတွက် အခမ်းနားကျင်းပခြင်းကြောင့် လောကီလောကုတ် နှစ်ဘဝနှစ်ဌာန
၌ ကောင်းကျိုးစဝါးဗ်၊ ဘရကသ် ရရာရကြောင်း ဖြစ်သည်ဆိုခြင်းအပေါ် ပြစ်တင် ဝေဖန် ပြောဆိုကြခြင်းမရှိပေ။ အခမ်းအနား ကျင်းပပုံအခင်းအကျင်း၊ ကန့်သတ်၊ သတ်မှတ်ချက် အချို့နှင့် ပတ်သက်၍သာ ပြစ်တင်ဝေဖန်စကားပြောကြ၏။ အထူးသဖြင့် ကိယာမ်ရပ်ခြင်းနှင့်ပတ်သက်၍ စကားအပြောကြဆုံးဖြစ်၏။ ကိယာမ်ကြောင့် အချို့အိုလမာ ပညာရှင်များက ကွတ်လုဗိဒ်အသင်၊ဒွလာလဟ် ဟဒီးဆ်ကို ထောက်ပြ၍ ဗိဒ်အသ်အမည်တပ်ကာ တားမြစ်ကြ၏။ မြင့်မြတ်မှုဆိုင်ရာ အထောက်အထား ဝေဝေဆာဆာဖြင့် ပိုင်ကြောင်း မိန့်ဆိုကြ၏။ မှန်ကန်မျှတသော အဖြေမှာ ဤသို့ဖြစ်၏။
       သာသနာမှအပ ကိစ္စရပ်တစ်ခုခုကို သာသနာအတွင်းသို့ သွတ်သွင်းခြင်းကို ဗိဒ်အသ်ဟု ခေါ်ဆိုကြောင်း ...
***

      ဤမည်သော ငါတို့၏ လုပ်ရပ်တို့(အစ္စလာမ့်ရေးရာ)မှ မဟုတ်သောကိစ္စတို့ကို ဖန်တီးသူသည် ငြင်းပယ်ရမည် ဟူသော ဟဒီးဆ်တော်၏ သဘောတရား၌ ပေါ်လွင်၏။ အခင်း အကျင်းတစ်ရပ်(တစ်နည်း)အခမ်းအနားကျင်းပပုံနည်းလမ်း၌ ပုံစံကန့်သတ်ချက် တစ်ရပ်ရပ်ကို လူတို့အနေဖြင့် အိဗာဒသ်အဖြစ် သဘောမထားဘဲ ပြုပိုင်သည်ဟုသာ သဘောထားကာ ယင်းသို့ ကန့်သတ်ရခြင်း၏ အကြောင်းအရင်း(စဝဗ်)ကို အိဗာဒသ်ဟူ၍ သဘောထားမည်ဆိုလျှင် သို့တည်းမဟုတ်၊ ထိုသို့ ကန့်သတ် သတ်မှတ်ခြင်းကြောင့် မုဆ်ွလဟဟ် အများ ကောင်းကျိုးရှိမည် ယုံကြည်ရသဖြင့် ကန့်သတ်ရခြင်းဖြစ်မူ ယင်းသို့ ကန့်သတ်ခြင်းသည် ဗိဒအသ်မဟုတ်ပေ။ ကိယာမ်ကိစ္စတွင် ကိယာမ်ရပ်ခိုင်းသူတို့သည် ကိယာမ်ကို အိဗာဒသ်ဟူ၍ မဆိုဘဲ တမန်တော်မြတ်(ဆွ)၏ ဂုဏ်တော်ဖွဲ့မှုကို ဂုဏ်ပေးခိုင်းခြင်းဖြစ်သည်။ ထိုသို့ ကိုယ်တော့အပေါ် ဂုဏ်ပေးခြင်းကို အိဘာဒသ်အဖြစ် ယုံကြည်ကြ၏။  (ကိယာမ်ရပ်ခြင်းကို အိဘာဒသ်ဟု မယူဆဘဲ ကိယာမ်ရပ်ရခြင်းအကြောင်းရင်းဖြစ်သော သအ်ဇွီမ်ကိုသာ အိဘာဒသ်ဟု ယူဆလျှင် ဗစ်ဒ်အသ်မဖြစ်ပေ။) ကိုယ်တော်မြတ်၏ ဂုဏ်တော်ကို မည်သည့် အချိန် ထုတ်ဖော်သည်ဖြစ်စေ မွတ်စ်သဟဗ်ဖြစ်ကြောင်း လက်ခံထားပြီး လူအများအနေဖြင့် ကိုယ်တော် ဂုဏ်တော်ထုတ်ဖော်ဖို့ သတိရှိစေရန် (တနည်း) လူအများ အစဉ်တစိုက် ကျင်းပပြုလုပ်ရန်အလို့ငှာ ကိုယ်တော်မြတ် ဖွားသန့်စင်တော်မူရာ နေ့မြတ်အခါ ရဗီအုလ်အောင်ဝလ်(၁၂)ရက်ကို ကန့်သတ် သတ်မှတ်ခြင်းသည် အပြစ်မဟုတ်ပေ။(မုဆ်ွလဟဟ်)ခေါ် အများကောင်းကျိုး ရည်မျှော် သတ်မှတ်မှု၏ သဘောတရားမှာ ကျယ်ဝန်းနက်ရှိုင်းလှ၏။ စီးပွားရေးလုပ်ငန်းအတွက် ၄င်း မုရာကဗာ ကျင့်စဉ်အတွက် လည်းကောင်း။ အချိန်ကန့်သတ် သတ်မှတ်ခြင်း၊ ယဉ်ကျေးမှုအခါပွဲများအတွက် နေ့ရက် ကန့်သတ်ခြင်း၊ ခန်နကာဟ်များတွင် ဇကိရ်ဘာဝနာအတွက် အကြိမ်အရေအတွက်နှင့် အချိန်အခါ နေ့ရက် ကန့်သတ်ခြင်း၊ မဒရ်ဆာ ကျောင်းများတွင် ကျောင်းဖွင့်ရက်၊ ကျောင်းပိတ်ရက်၊ ဂျလဆာရက်၊ စာမေးပွဲရက် သတ်မှတ်ခြင်း၏ သဘောတရားနှင့် အတူတူပင်ဖြစ်၏။ (ပုံမှန်ပြုလုပ်နိုင်ဖို့ လူအများ စုစည်းရန်လွယ်ကူဖို့ရည်ရွယ်ရင်းသာဖြစ်၏။) အကယ်၍ နမားဇ် ရိုဇာကဲ့သို့ ထိုနေ့ထိုရက် ထိုအချိန်တွင်မှ မပြုလုပ်လျှင် ကိယာမ်မှ မရပ်လျှင်၊ မုန့်အချိုကို မကျွေးလျှင် ကုသိုလ်မရဟု ဆိုလာလျှင်မူ ယင်းယုံကြည်ချက်သည် အပြစ်ရှိသော ယုံကြည်ချက်သာဖြစ်၏။ အဘယ်ကြောင့် မုဗာဟ်၊ဟလာလ် ပြုပိုင်သော ကိစ္စကို ဟရာမ်ဖြစ်သည်၊ဒွလာလသ်ရောက်သည်ဟု ပြောဆိုနေသူတို့သည် အပြစ်ရှိသူများဖြစ်သကဲ့သို့ ထိုသို့ယုံကြည်ချက်ရှိသူမှာလည်း အပြစ်ရှိသူများဖြစ်ကြ၏။
       အဘယ်ကြောင့်ဆိုသော် ရှရီအသ်၏ မူဘောင်ကိုကျော်ထါက်သွားသောကြောင့်ဖြစ်၏။ သို့သော် ထိုလုပ်ရပ်များကို အရေးကြီးသည်ဟူ၍တော့ အမြင်မရှိ၊ လိုအပ်ချက်ဟုသာ ယုံကြည်သည်ဆိုလျှင်မူ အပြစ်မရှိပေ။ လိုအပ်ချက်ဆိုသည်မှာ ထိုသို့ပြုလုပ်လျှင် ဘရ်ကသ် ပိုမိုရှိမည်ယုံကြည်ခြင်းမျိုးဖြစ်၏။ ဂါထာတစ်ခုကို ထိုင်၍ဖတ်လျှင် ပို၍ အကျိုးစွမ်းအားရှိမည် မတ်တတ်ရပ်၍ဖတ်လျှင် ပို၍ အကျိုးစွမ်းအားရှိမည်။ မတ်တပ်ရပ်၍ ဖတ်လျှင် ပို၍ အစရ် စူးရှမှု ရှိမည်ဟူ၍ ယုံကြည်ခြင်းသည် အပြစ်မဟုတ်ပေ။ ထိုရှုထောင့်မှ ကိယာမ်သည် လိုအပ်ချက်ဟု ဆိုနိုင်၏။
      ဆက်လက်၍ အဆိုပါ သူတော်စင် ပညာရှင်ကြီးက ကရှ်ဖ်အစ်လ်ဟမ် အသိအမြင်အား သိမြင်သူက အဘယ်လုပ်ရပ်ကို အဘယ်အချိန်၌ အဘယ်သို့ အဘယ်ပုံ ပြုလုပ်လျှင် အစရ်ရှိကြောင်း ပြောဆိုလာလျှင် လုပ်ပိုင်ခွင့်ရှိကြောင်း၊ လုပ်လျှင် ကောင်းသည်ဆိုသော ကိစ္စမျိုးကိုလုပ်ခြင်း မလုပ်ခြင်းသည် လူတစ်ဦး၏ ကိုယ်ပိုင်ဆန္ဒသာဖြစ်သင့်ပြီး ကောင်းပါလျက် မလုပ်ရကောင်းလားဟု ပြစ်တင်ဝေဖန်လာသော် ဝေဖန်သူ၌သာ အပြစ်ရှိကြောင်း မိမိကိုယ်၌ကမူ တမန်တော်မြတ်အား ကိယာမ်ရပ်၍ ဒရူးဒ်ပို့စဉ်၌ ထူးခြားသောအတွေ့အကြုံနှင့် အရသာကို မြင်တွေ့သိရှိခဲ့ရပါကြောင်းကို ရေးသားဖော်ပြထား၏။
      ဟာဂျီအမ်ဒါဒုလ္လဟ်(ရဟ်)သခင်၏ အဆိုပါကျမ်းကို တပည့်ဖြစ်သူ မောင်လာနာ အရှ်ဖ်အလီထာနဝီ(ရဟ်)က
*** ကျမ်း ၊ စာ-၅၂-၅၃ ၌လည်းကောင်း၊ *** ကျမ်း၊ တွဲ-၃၊ စာ ၃၅၅/-၆ တွင်လည်းကောင်း၊ မောင်လာနာ ရှရီးဒ်အဟ်မဒ်ဂန်ဂိုဟီ(ရဟ်)ကလည်း ဖသ်ဝါရှရီဒီယာ စာ-၁၃၀/-၁ ၌ လည်းကောင်း ကိုးကားဖော်ပြထားကြ၏။
      မီလားဒ် အခမ်းအနားသည် ကမ္ဘာ့မွတ်စလင်ထုတစ်ရပ်လုံးက ခြမ့်ခြိမ့်သဲသဲ စည်ကားသိုက်မြိုက်စွာ ကျင်းပသည့် အခမ်းအနားဖြစ်သည်။ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလာဒေ့ရှ်၊ အာဖဂန်နစ္စတန် အစရှိသည့် တောင်အာရှ နိုင်ငံများ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူးနိုင်း၊ စင်္ကာပူ စသည့် အရှေ့တောင် အာရှ နိုင်ငံများတွင်သာမက အီဂျစ်၊ ယူအေအီး၊ ဘာရိန်း၊ အီရတ်၊ကူဝိတ်၊ဆီးရီးယား၊ ယီမင်၊ ပါလက်စတိုင်း၊ လစ်ဗျား၊ လက်ဘနွန်၊ အိုမန်၊ တူနီးရှား၊ အလ်ဂျီးရီးယား၊ ဂျော်ဒန်၊ ဆူဒန်၊ မော်ရိုကို၊ မော်ရီတေးနီးယား၊ ဆိုမာလီယာ၊ တန်ဇန်းနီးယား၊ ဥဇဘက်ကစ္စတန် - အစရှိသည့် နိုင်ငံများတွင် အစိုးရ၏ ပြန်တမ်းဝင် ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားကြသည်။ အိန္ဒိယ၊ သီရိလင်္ကာ ၊ စင်္ကာပူနှင့် တန်ဇန်းနီးယား နိုင်ငံတို့သည် မွတ်စလင်နိုင်ငံများ မဟုတ်ကြသော်လည်း ရုံးပိတ်ရက် သတ်မှတ်ထားကြသည်။ မီလားဒ် အခမ်းအနားကို ဝေဖန်နေကြသော လက်ရှိ လူပုဂ္ဂိုလ်များနှင့် ပညာရှင်တို့သည် ကမ္ဘာ့မွတ်စလင်ထုနှင့် အစ္စလာမ့် ပညာရှင်များ၏ အရေအတွက်နှင့် နှိုင်းယှဉ်လျှင် လက်တစ်ဆုပ်စာမျှသာရှိသည်ဟု ဆိုနိုင်၏။ စဝါဟဒုလ် အအ်ဇွမ် ကမ္ဘာ့မွတ်စလင်ထု၏ တစ်ပြေးညီ ရပ်တည်ချက်မှ ခွဲထွက်လာကြခြင်းမှာ နှစ်ကာလအားဖြင့် မကြလှသေးပေ။  ။

*****


No comments:

Post a Comment