Thursday, January 22, 2015

အပိုင်း(၁)
ကုရ်အာန်ကို သဘောပေါက်နားလည်စွာ ရွတ်ဖတ်ဘို့ လိုအပ်ပါသလား ?

       ကျမ်းမြတ်ကုရ်အာန်ဟာ အလ္လာ့ဟ်ရဲ့ နောက်ဆုံးပို့ချပေးခဲ့တဲ့ ဝဟီ(လူ့ဘဝလမ်းညွှန်)ဖြစ်ပါတယ်။ အလ္လာဟ်က မိမိရဲ့ နောက်ဆုံး တမန်တော်ဖြစ်တဲ့ မုဟမ္မဒ် (ငြိမ်းချမ်းမှုနှင့် ပြည့်စုံသူ)အပေါ် ပို့ချပေးခဲ့တဲ့ ဝဟီ(လူ့ဘဝလမ်းညွှန်)ဖြစ်ပါတယ်။ အလ္လာဟ်က မိမိရဲ့ နောက်ဆုံး တမန်တော်ဖြစ်တဲ့ မုဟမ္မဒ်(ငြိမ်းချမ်းမှုနှင့်ပြည်စုံသူ) အပေါ် ပို့ချပေးခဲ့တဲ့ လမ်းညွှန်ချက်လည်း ဖြစ်ပါတယ်။ ကုရ်အာန်ဟာ ကမ္ဘာပေါ်မှာ အမွန်မြတ်ဆုံးကျမ်းစာဖြစ်တယ်။ လူသားတစ်ရပ်လုံးအတွက် လမ်းညွှန်ဖြစ်တယ်။ ကုရ်အာန်ဟာ ဥာဏ်အမြှော်အမြင် ဆင်ခြင်တုံးတရားရဲ့ ရေသောက်မြစ်ဖြစ်တယ်။ ပေါက်ဖွားရာဖြစ်တယ်။ ဆင်ခြင်မှုဥာဏ်ရဲ့ မူလဘူတ မြစ်ဖျားခံရာ ဖြစ်တယ်။ မယုံကြည်သူအတွက် မာကျောပြင်းထန်ပြီး မနှစ်မြို့ဘွယ်ဖြစ်တယ်။ လမ်းမပေါက်သူ ၊ လမ်းပျောက်နေသူကို လမ်းပြမယ့်ကျမ်း ဖြစ်တယ်။ ကုရ်အာန်ဟာ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားသူအတွက် အာမခံချက် ဖြစ်တယ်။ လေးလေးစားစားနဲ့ တိတိကျကျ ဆောင်ရွက်သူအတွက် မှန်ကန်တဲ့ ကတိစကားဖြစ်တယ်။ အခက်အခဲနဲ့ ကြုံနေသူအတွက် ပြေလည်မှုကို ဖြစ်စေတယ်။ ဒီ ထူးခြားတဲ့ အရည်အသွေးအားလုံး ၊ ကောင်းမြတ်မှုအားလုံးဟာ ကုရ်အာန်ကို လေ့လာဆည်းပူးပြီး လက်တွေ့ကျင့်သုံးသူ၊ လိုက်နာသူအတွက် ဖြစ်တယ်။ နားလည်သဘောပေါက်ပြီး လိုက်နာကျင့်သုံးမှု မရှိသမျှ ဒီအကျိုးကျေးဇူးကို ခံစားခွင့်ရမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီကောင်းကျိုးအားလုံးကို ရရှိဘို့ လက်တွေ့လိုက်နာကြဘို့လိုပါတယ်။ နားလည်သဘောပေါက်မှ လိုက်နာနိုင်မှာဖြစ်လို့ နားလည်အောင် ကြိုးစားဘို့လည်း လိုတယ်။
       ကုရ်အာန်ဟာ ကမ္ဘာပေါ်မှာ အများဆုံး ရွတ်ဖတ်ခံရတဲ့ကျမ်းတစ်ကျမ်း ဖြစ်တယ်။ ဝမ်းနည်းစရာကောင်းတာက ကမ္ဘာပေါ်မှာ လူအများစုက နားမလည်ဘဲ ဖတ်ကြတဲ့ ကိစ္စပါ။ နားမလည်ဘဲ ဖတ်ရတဲ့ ကျမ်းတစ်ဆူအဖြစ်နဲ့ ကုရ်အာန်ကို အများဆုံးအသုံးချနေကြတယ်။ ဒါဟာ အလွန်ဝမ်းနည်းစရာကောင်းပါတယ်။ ဒါ့ကြောင့်လည်း ကုရ်အာန်နဲ့ မုစ်လင်မ်တို့ရဲ့ ပတ်သက်ဆက်နွယ်မှုဟာ လျော့တိလျော့ရဲ ဖြစ်လာရပါပြီ။ ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းသလဲဆိုရင် မုစ်လင်မ်တစ်ယောက်က ကုရ်အာန်ရဲ့အနီးကို လာတယ်။ ကုရ်အာန်ကို ဖတ်တယ်။ ရွတ်တယ်။ ဒါပေမယ့် သူ့ဘဝမှာ ဘာမှ ပြောင်းလဲမလာဘူး။ ထူးခြားမလာဘူး။ သူ့ရဲ့ အသက်ရှင် နေထိုင်မှု ၊ သူ့ရဲ့ အကျင့်အကြံ အပြုအမူ စတဲ့ ဘယ်နေရာမှာမှ နည်းနည်းလေးမှ ပြောင်းလဲတိုးတက်လာတာ မရှိဘူး။ သူ့ရဲ့ စိတ်နှလုံးသားမှာ နည်းနည်းလေးမှ ပျော့ပြောင်း နူးညံ့မလာဘူး။ ဒီလို ကုရ်အာန်ရဲ့ အနား ချဉ်းကပ် ရွတ်ဖတ်နေပါလျက် ပြောင်းလဲမလာတာ ၊ တိုးတက်မလာတာ ၊ ထူးခြားမလာတာဟာ ဝမ်းနည်းစရာ အရေးကိစ္စတစ်ခုဖြစ်ပါတယ်။ အလ္လာဟ်က ကုရ်အာန်(၃း၁၁၀)လမ်းညွှန်မှာကြားထားတာက .....

كُنتُمْ خَيْرَ أُمَّةٍ أُخْرِجَتْ لِلنَّاسِ تَأْمُرُونَ بِالْمَعْرُوفِ وَتَنْهَوْنَ عَنِ الْمُنكَرِ وَتُؤْمِنُونَ بِاللَّهِ ۗ وَلَوْ آمَنَ أَهْلُ الْكِتَابِ لَكَانَ خَيْرًا لَّهُم ۚ مِّنْهُمُ الْمُؤْمِنُونَ وَأَكْثَرُهُمُ الْفَاسِقُونَ

မုစ်လင်မ်တွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ အမွန်မြတ်ဆုံး အုပ်စုတစ်စုအဖြစ် ပေါ်ထွန်းခဲ့ကြရတဲ့ အွန်မသ်အုပ်စုကြီး ဖြစ်ပါတယ်။

       လူတစ်ယောက်ကို ချီးမွမ်းမှုပြုရတဲ့ အဓိကရည်ရွယ်ချက်က သူ့ရဲ့လုပ်ဆောင်ချက်တွေ ကောင်းမွန်လာဖို့ဖြစ်တယ်။ ပြီးတော့ ဒီချီးမွမ်းဂုဏ်ပြုမှုရဲ့နောက်မှာ တာဝန်တစ်ရပ် အမြဲရှိနေတယ်။ ရှိနေဘို့လည်း လိုတယ်။ ဒါဆိုရင် ကုရ်အာန်မှာ အလ္လာဟ်က ကျွန်တော်တို့ကို အကောင်းမွန်ဆုံး အုပ်စု- အစုအဖွဲ့လို့ပြောပြီး ချီးမြှောက်ဂုဏ်ပြုခဲ့တဲ့နောက်မှာ ဘာလဲ ကျွန်တော်တို့အပေါ်မှာ တာဝန်တစ်ရပ် မလိုအပ်ဘူးလား ? ဘာတာဝန်မှ မရှိတော့ဘူးလား ? ဒီအာယသ်မှာပဲ အလ္လာဟ်က တာဝန်တစ်ရပ်ကိုပါ တစ်ခါတည်းဖော်ပြပြီး ပေးအပ်ထားတယ်။ အဲ့သည် တာဝန်က .....

       ကျွန်တော်တို့ဟာ အလ္လာဟ်ကို ယုံကြည်ကြသူများပီပီ လူတွေကို ကောင်းရာညွှန်ပြီး မကောင်းရာကို တားမြစ်ကြရမယ်။ တားဆီးပေးကြရမယ်။ ..... လို့ ဆိုပါတယ်။

       အကယ်၍ ကျွန်တော်တို့မှာ ဒီလိုတားဆီးပြီး ညွှန်ပြနိုင်ဘို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် ကျွန်တော်တို့အပေါ်မှာ ကုရ်အာန်ကို နားလည်ပြီး ရွတ်ဖတ်ကြဘို့ အရေးကြီးလာတယ်။ လိုအပ်လာတယ်။ ကျွန်တော်တို့ ကုရ်အာန်ကို နားမလည်ကြဘူးဆိုရင် လူတွေကို ကောင်းရာကို ဘယ်လိုညွှန်နိုင်မလဲ ? မကောင်းတဲ့ ကိစ္စတွေကနေ ဘယ်လို တားဆီးကြမလဲ ? အဲ့သည့် ကိစ္စတွေကို ဆောင်ရွက်နိုင်မှာ မဟုတ်တော့ဘူး။ လူတွေကို ကောင်းရာညွှန်၊ မကောင်းမြစ်တားဖို့ ပျက်ကွက်လာရင် ကျွန်တော်တို့ဟာ خيرامة ခိုင်ယ်ရအွန်မတ် အကောင်းဆုံး၊ အမွန်မြတ်ဆုံးအုပ်စု - ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တပ်ခေါ်ဘို့ မထိုက်တန်တော့ဘူး။
       ကုရ်အာန် ( قران ) ဆိုတဲ့ စကားလုံးဟာ အရ်ဗီကြိယာ قرأ (ကရအ)ကနေ ဆင့်ပွားလာတဲ့ပုဒ် ဖြစ်တယ်။ (သူ့အဓိပ္ပါယ်က ဖတ်ခြင်း။ ဖတ်သည်။ ဖတ်ပါ။ ) ဒီကနေ့ မုစ်လင်မ်တွေ ကုရ်အာန်ကို ဘာကြောင့် နားမလည်ဘဲ ဖတ်နေကြသလဲဆိုတာကို ကျွန်တော်တို့ စမ်းစစ်ကြဘို့၊ ပြီးတော့ ကုရ်အာန်ကို နားလည်ဘို့ မကြိုးစားရတဲ့အကြောင်းပြချက်တွေကို ကြည့်ကြဘို့ လိုတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ပေးကြတဲ့ အကြောင်းပြချက်က အရ်ဗီဘာသာကို နားမလည်ကြဘူး။ (ဖတ်ပဲဖတ်တတ်တယ် ၊ နားမလည်ကြဘူးပေါ့။)



No comments:

Post a Comment