Friday, January 16, 2015

ဗိဒ်အသ်ကို ခေတ်သစ်အမြင်ဖြင့် သုံးသပ်ခြင်း

       လိုလျှင်ကြံဆ နည်းလမ်းရ-ဟု ဆိုရိုးစကားရှိပါသည်။ ကမ္ဘာဦးမှစ၍ ယနေ့ခေတ်အထိတိုင် လူတိုင်းသည် စဉ်ဆက်မပြတ် တီထွင်ကြံဆနေကြ၏။ စဦးတီထွင်စွမ်းဆောင်ရှင်တို့၏ တီထွင်မှုစွမ်းပကားကြောင့် ကမ္ဘာ့လူ့အဖွဲ့အစည်းတို့သည် လှိုင်းတစ်ခုမှ တစ်ခု အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လျက်နေပေ၏။ ယေဘုယျအားဖြင့် သိပ္ပံဆိုင်ရာ ရုပ်ဝတ္ထုပစ္စည်းတို့တွင် အသစ်အသစ်တို့သည်သာ ကာလ တန်ဖိုး ကြီးမြင့်ကြပြီး ဝိဇ္ဇာနယ်ပယ်မှ တန်ဆာပလာတို့မှာမူ ဟောင်းလေလေ တန်ဖိုးကြီးလေလေဖြစ်၏။ ဘာသာရေး တရားတွင် အဟောင်းဆုံးကို အကောင်းဆုံးဟု လက်ခံထားကြသော်လည်း ဘာသာဝင်တို့ကမူ ခေတ်ရေစီးကြောင်းတွင် ကျွဲကူးရေပါသဘောဖြင့် မရုန်းသာ မဖယ်သာ မျောပါနေကြရသည်သာဖြစ်၏။
       ကျားသည် အသားစား၍ နွားသည် မြက်စား၏။ ငှက်များသည် အသိုက်လုပ်ပြီး မြွေသည် တွင်းအောင်း၏။ ပုရွက်ဆိတ်၊ ခြင်၊ ယင် မှ စ၍ ကျား၊ ခြင်္သေ့ ၊ ဆင် ၊ သမင် အထိ ကမ္ဘာမြေပြင်၌ ရှိသမျှသော သတ္တလောကသားအဟိတ်တိရစ္ဆာန်များ ဇာတိစိတ်(instinct)၏ ပြဋ္ဌာန်းလမ်းညွှန်ချက်အတိုင်းသာ တစ်သဝေမတိမ်း နာခံ လိုက်နာကြရ၏။ အသိဥာဏ် အစွမ်းဖြင့် ဖန်တီးနိုင်အား မရှိကြပေ။ သဘာဝကိုသာ သိကြ၍ ယဉ်ကျေးမှုသဘောမရှိကြပေ။ အလေ့အထ ၊ ဓလေ့ထုံးစံ ၊ အစဉ်အလာကိုမူ ၎င်းတို့လိုက်နာကြ၏။
       လူ့အဖွဲ့အစည်း(Society)ဆိုသည်မှာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း တူသောလူများသည် တစ်နေရာ၌ စုစည်းနေထိုင်၍ မိမိတို့လူ့အစုအဝေး၏ အမှတ်သညာ လက္ခဏာများကို ဂုဏ်ယူရင်း မိမိတို့အစုအဝေး အကျိုးအလို့ငှာ စုပေါင်းအလုပ်လုပ်ကိုင်ကြသော လူအစုအဝေးကို ခေါ်ဆိုခြင်းဖြစ်၏။ ထို့ကြောင့် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း အစဉ်အလာဆိုသည်မှာ လူအဖွဲ့အစည် တစ်ခုအား နှောင်ဖွဲ့ထားသည့် အင်အားကြီးသော ကြိုးနှစ်ချောင်းပင် ဖြစ်၏။
 


No comments:

Post a Comment