Friday, January 16, 2015

မိုဘိုင်းဖုန်းဖြင့် စကားပြောရာတွင်
လိုက်နာရမည့် စည်းကမ်းချက်များ

(၁)စကားမပြောဆိုမီအလျင် ဦးစွာ 'စလာမ်' ဆိုရမည်။
(၂)တဖက်သူက မိမိအား မသိရှိလျှင် ဦးစွာပထမ မိတ်ဆက်စကားပြောဆိုရမည်။
(၃)ဘာသာခြားဖြစ်လျှင်လည်း ဖုန်းပြောရာတွင် ယဉ်ကျေးသိမ်မွေ့စွာပြောဆိုရမည်။
(၄)သူစိမ်းတစ်ရံစာ အမျိုးသမီးအား မလွှဲသာ ဖုန်းဆက်ရလျှင် ၎င်းအား စလာမ်မပေးခြင်းသည် သာပို၍ ကောင်းသည်။
(၅)ဖုန်းဘဲလ်သံ သုံးကြိမ်ထက်ပို၍ မမြည်စေသင့်ပေ။
(၆)နမာဇ်ဝတ်ပြုသည့်အချိန်၊ ထမင်းစားချိန် ၊ အိပ်စက်အနားယူချိန်များအား သတိပြုကာ ဖုန်းဆက်သင့်သည်။
(၇)ခွင့်ပြုချက်ယူပြီးမှ စကားရှည်ရှည်ပြောရမည်။ သို့မဟုတ်ပါက တိုတိုနှင့် လိုရင်းသာပြောဆိုရမည်။
(၈)ဖုန်းနားထောင်သူက မအားလပ်ဟုပြောဆိုလျှင် စိတ်ငြိုငြင်ခြင်း မပြုအပ်ပေ။
(၉)အကြောင်းမဲ့ ဖုန်းလက်ခံ နားမထောင်ဘဲ အနေသင့်ပေ။
(၁၀)ဖုန်းဖြင့်စကားပြောဆိုရာတွင် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုရမည်။ ဆဲဆိုခြင်း၊ ညစ်ညမ်းရိုင်းပျသော စကားများ ပြောဆိုခြင်းများ မပြုရ။
(၁၁) ခွင့်မရှိဘဲ အကြောင်းမဲ့ တဘက်သူ၏ စကားများအား အသံဖမ်းခြင်းမပြုရ။
(၁၂) ဝန်ထမ်းများ၊ ကျောင်းဆရာများ၊ ကျောင်းသားများ၏ တာဝန်ထမ်းဆောင်ချိန်များကို သိလျက်နှင့် ဖုန်းခေါ်ခြင်းမပြုရ။
(၁၃) မိုဘိုင်းဖုန်းဖြင့် ဗလီတွင်း၌ လောကီစကားများကို ပြောဆိုခြင်း မပြုရ။
(၁၄)သာသနာ့ထိုင်ဝိုင်း၌လည်းကောင်း၊ လူအများ အိပ်စက်နေချိန်တွင်လည်းကောင်း၊ ကျယ်လောင်သောအသံဖြင့် ဖုန်းပြောဆိုခြင်း မပြုသင့်ပေ။
(၁၅)ဖုန်းပြောဆိုခြင်းကို စလာမ်ဖြင့် အဆုံးသတ်ရမည်။
(၁၆) အရှက်အင်္ဂါပေါ်နေချိန်တွင် အရေးမကြီးပဲ မိုဘိုင်းဖုန်းဖြင့် စကားပြောဆိုခြင်း မပိုင်ပါ။(ရှာမီကျမ်း)
(၁၇) အကြွေးရှင်က ဖုန်းဆက်လျှင် မကိုင်ခြင်း၊ ၎င်း၏ ဖုန်းအဝင်ကို ပိတ်ထားခြင်းများသည် အကြွေးရှင်အား ဒုက္ခပေးရာရောက်စေသည်။ သို့ကြောင့် ဖုန်းနားထောင်ပြီး မိမိအနေဖြင့် အကြွေးရှင်အား ကျေနပ်အောင် စကားပြောလိုက်ရမည်။(မွတ်စလင်မ်ကျမ်း)
(၁၈)တစ်ဦးတစ်ယောက်၏ မိုဘိုင်းဖုန်းကို ငှားရမ်းသုံးစွဲပြီး ပျက်စီးသွားလျှင် သို့မဟုတ် ပျောက်ဆုံးသွားလျှင် လျှော်ကြေးပေးရန် အရေးကြီးသည်။ သို့သော် ကာလပေါက်ဈေးထက်ပို၍ တောင်းခံပိုင်ခွင့်မရှိ။
(၁၉)ခိုးရာပါ မိုဘိုင်းဖုန်းများအား သိလျက်ဖြင့် ဝယ်ယူခြင်းလုံးဝမပိုင်ပါ။ ဤသို့ဝယ်ယူခြင်းသည် သူခိုးအား အားပေးသကဲ့သို့ဖြစ်ပြီး ခိုးယူသူ၊ ခါးပိုက်နှိုက်သူများနှင့် ဆတူ အပြစ်ထိုက်လိမ့်မည်။(ရှာမီကျမ်း)

       မိုဘိုင်းဖုန်း၏ ဆိုးကျိုးများမှ ရှောင်ကြဉ်နိုင်ပြီး နည်းမှန်လမ်းမှန်သုံးစွဲနိုင်ရန်အတွက် ဖော်ပြပါ ဂိုနာဟ်အချို့ကို တင်ပြလိုက်ရခြင်းဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ် ချီးမြှင့်ထားသော နိအ်မသ်တော်ကို မှန်ကန်စွာသုံးစွဲပြီး ကျင့်သုံးနိုင်စွမ်း ရရှိမည်ဟု မျှော်လင့်လျက် ဗန္ဒာဟ်၏ ကြိုးစားအားထုတ်မှုကို လက်ခံတော်မူပါဟု ဒုအာတောင်းခံလျက် နိဂုံးချုပ်လိုက်ရပါသတည်း။


No comments:

Post a Comment