မဟာတမန်တော်မြတ်ကြီး(ဆွ)လက်ထက်တော်အခါက မက္ကာဟ်မြို့ရှိ ကုရိုင်းရှ် မွတ်ရှ်ရစ်က် များသည် အာရှူရာနေ့ကို အီးဒ်နေ့အဖြစ် သတ်မှတ်ကြ၏။ လူကြီးတို့က ဆွီယာမ်စောင့်ကြပြီး လူငယ်တို့က ဝတ်ကောင်းစားလှများ ဝတ်စား၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကြ၏။ ထိုနေ့တွင် ကအ်ဘာကျောင်းတော်၏ ဂီလားဖ်လဲခြင်းအခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။ كسوةالكعبة ကစ်စဝါ့သုလ်ကအ်ဗာ - ဟု ခေါ်ကြ၏။ မဟာတမန်တော်မြတ်သည် ထိုနေ့တွင် ဆွီယာမ်ဥပုသ်စောင့်ထိန်းတော်မူခဲ့၏။
ဂျာဟီလီယာခေတ်၌ ကုရိုက်ရှ်တို့သည် အာရှူရာနေ့တွင် ဆွီယာမ် ဥပုသ် စောင့်လေ့ရှိခဲ့ကြသည်။ ကိုယ်တော်မြတ်ကြီး(ဆွ)သည်လည်း ဆွီယာမ်စောင့်တော်မူခဲ့၏။
(ဗုခါရီ၊မွတ်စလင်မ်၊သိရ်မေဇီ)
အာရှူရာနေ့၌ ဆွီယာမ်စောင့်ခဲ့ရခြင်း၏ အကြောင်းအရင်းမှာ ကအ်ဗာကျောင်းတော်ကို ဂီလားဖ်အဝတ်အုပ်ခြင်းအား ဂုဏ်ပေးသောအားဖြင့်ဖြစ်ပြီး ရမဒွါန်လ၏ ဆွီယာမ်ဖရဇ်မဖြစ်မီကာလက ၎င်းဆွီယာမ်သည် ဖရဇ်ဖြစ်ခဲ့သည်။ ဟဒီးဆ်၌လာရှိသည်မှာ -
*****
ရမဒွါန်လ၏ ဆွီယာမ်ဖရဇ်မဖြစ်မီအချိန်က အာရှူရာနေ့တွင် ဆွီယာမ်စောင့်ခဲ့ကြသည်။ ထိုနေ့တွင် ကအ်ဗာကျောင်းတော်ကြီးတွင် ဂီလားဖ်အုပ်လေ့ရှိခဲ့သည်။ အလ္လာဟ်အရှင်မြတ်က ရမဒွါန်လ၌ ဆွီယာမ်စောင့်ရန် ဖရဇ်အဖြစ် ပြဋ္ဌာန်းလိုက်သောအခါ ဆွီယာမ်စောင့်လိုသူတို့ စောင့်ထိန်းကြ၊ ဆွီယာမ်ကို စွန့်လွှတ်လိုသူတို့ စွန့်လွှတ်ကြဟု ကိုယ်တော်မြတ်ကြီး(ဆွ)က မိန့်တော်မူလိုက်၏။(ဗုခါရီ)
မဟာတမန်တော်မြတ်(ဆွ)က မဒီနာမြို့သို့ ကြွမြန်းလာတော်မူသောအခါ ခိုင်ဗရ်အရပ်မှ ယဟူဒီများသည် အာရှူရာနေ့၌ အီဒ်နေ့ပွဲ ကျင်းပကြသည်။ ယဟူဒီ လူကြီးသူမတို့က ဆွီယာမ်စောင့်ကြမည်ဖြစ်ကြောင်း ကိုယ်တော်မြတ်အား လျှောက်ထားတင်ပြကြသည်။ ကိုယ်တော်မြတ်သည် ဆွီယာမ်အီဗာဒသ်ကို ယဟူဒီတို့ပြောပြမှ သိရှိရခြင်းမဟုတ်ပါ။ မက္ကာဟ်မြို့တွင် ရှိစဉ်အခါကပင် ထိုနေ့၌ ကိုယ်တော် ဆွီယာမ်စောင့်တော်မူမြဲဖြစ်တော်မူခဲ့သည်။ မဒီနဟ်မြို့၌လည်း ယဟူဒီတို့တွင် အဆိုပါ ဓလေ့ရှိနေကြောင်း လာရောက်လျှောက်ထားသည့်အခါ လျှောက်ထားသူအား အရေးတယူမေးမြန်းတော်မူခြင်းမှာ ပျူငှာစွာဆက်ဆံတော်မူတတ်သည့် ကိုယ်တော်မြတ်၏ ပင်ကိုယ် ဓလေ့တော်အရ ဖြစ်သည်။
ကိုယ်တော်မြတ်ကြီး(ဆွ)မဒီနာမြို့သို့ ရောက်ရှိလာပြီးနောက် အာရှူရာဟ်နေ့တွင် ဆွီယာမ်စောင့်ထိန်းကြကြောင်းတွေ့ရှိတော်မူ၏။ ကိုယ်တော်မြတ်က ၎င်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အား မေးမြန်းကြရာ ၎င်းတို့က " ထိုနေ့တွင် အလ္လာအရှင်မြတ်သည် မူစာနဗီနှင့် ဗနီအစ္စရာအီလ်တို့အား ဖိရ်အောင်န်ဘုရင် အပေါ် အောင်နိုင်မှုရရန် ကူညီစောင်မတော်မူပေးသည့်နေ့ဖြစ်၏။ ထိုအောင်မြင်မှုကို ဂုဏ်ယူသောအားဖြင့်၊ ဂုဏ်ပြုသောအားဖြင့် ထိုနေ့၌ ကျွန်ုပ်တို့ ဆွီယာမ်စောင့်ရခြင်းပါ။ (ထိုနေ့သည် ကျွန်ုပ်တို့၏ အောင်ပွဲနေ့ဖြစ်ပါသည်)ဟု လျှောက်တင်ကြသည်။ ထိုအခါ ကိုယ်တော်က أناأحق بمو سى "ငါတို့သည် မူစာနဗီ နှင့် ပတ်သက်၍ အသင်တို့ထက် တာဝန်ရှိ၏" ဟု မိန့်တော်မူကာ ထိုနေ့တွင် ဆွီယာမ် စောင့်ရန် အမိန့်ထုတ်ပြန်တော်မူလေသည်။
(ဗုခါရီ၊မွတ်စလင်မ်၊အဗူဒါဝူးဒ်)
မွတ်စလင်မ်ကျမ်း၏ ဖော်ပြချက်တွင် အဗူမူစာအရှ်ရီက ဆင့်ပြန်သည်မှာ-
خا ن أهل خيبر يصو مو ن عا شو ر ا ء
..................................
ခိုင်ဗရ်ဒေသသားတို့သည် အာရှူရာ၌ ဆွီယာမ်စောင့်လေ့ရှိခဲ့သည်။ ထိုနေ့ကို အီးဒ်နေ့သဖွယ် ကျင်းပကြသည်။ ၎င်းတို့အမျိုးသမီးများကို အလှတန်ဆာများဆင်မြန်းစေ၏။ အထိမ်းအမှတ်များဆင်ယင်ကြ၏။ ကိုယ်တော်မြတ်ကြီးက "အသင်တို့ ထိုနေ့၌ ဆွီယာမ်စောင့်ထိန်းကြလော့" ဟု မိန့်တော်မူ၏။
ခိုင်ဗရ်ဒေသမှ ယဟူဒီတို့သည် မိမိတို့၏ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ဆင်ယင်ကျင်းပကြပုံမှာ အီးဒ်နေ့သဖွယ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဟဒီးဆ်တော်၌ အဖန်ဖန် အထပ်ထပ် လာရှိ၏။ ဗုခါရီကျမ်း၏ ဖော်ပြချက်၌ -
كا ن يو م عا شو راء تعده اليهودعيد ا
" အာရှူရာနေ့အား ယဟူဒီတို့က တစ်နှစ်တစ်ခါ အီးဒ်ပွဲတော်အဖြစ် ကျင်းပကြ၏ " ဟု ဖော်ပြထားသည်။ မူစာနဗီသည် ငါတို့နှင့် ပိုမိုသက်ဆိုင်သည် ဟု ဆိုကာ ကိုယ်တော်မြတ်က မွတ်စလင်တို့အား ဆွီယာမ် စောင့်ခိုင်းတော်မူခြင်းမှာ ယဟူဒီတို့၏ အီးဒ်ပွဲတော်တွင် ပါဝင်ဆင်နွှဲစေခြင်းသာဖြစ်၏။ အလ္လာဟ်အရှင်မြတ်က လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် အထူးတလည် ကျေးဇူးပြုသော နေ့ရက်များကို အထိမ်းအမှတ်ပြုတော်မူကြောင်း ရှရီအသ်၏ အခြေခံမူတစ်ရပ်ကို ဤဟဒီးဆ်တော်မှ ထုတ်ယူနိုင်၏။ နိုင်ငံတိုင်း၌ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ ပြည်ထောင်စုနေ့ အစရှိသည့် အထိမ်းအမှတ်နေ့များကို ဆင်ယင်ကျင်းပခြင်းသည်လည်း အစ္စလာမ့်မူဘောင်၏ အပြင်ဘက်မှ မဟုတ်ပေ။
ကုရ်အာန်ကျမ်းတော်မြတ်တွင် အီစာနဗီတမန်တော်၏ စံပြဒုအာ တစ်ပုဒ်ကို ဖော်ပြထားသည်။၎င်း ဒိုအာမှာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အွမ္မသ်သားတို့အား ကျေးဇူးပြုသောအားဖြင့် ကောင်းကင်မှ စားသောက်ဖွယ်ရာ (မာအိဟ်) များ ချပေးတော်မူပါက ထိုသို့ အလ္လာဟ့်ကျေးဇူးပြုတော်မူသော နေ့ရက်ကို မိမိတို့ အနေဖြင့် ခေတ်အဆင်ဆက်တွင် မိမိအွမ္မသ်သားတို့အနေဖြင့် အီးဒ်နေ့အဖြစ် သတ်မှတ်ပါမည်ဟု အလ္လာဟ်ထံလျှောက်ထားသော ဒိုအာပင်ဖြစ်သည်။ ထို ဒိုအာကို အစွဲပြု၍ ကုရ်အာန်ကျမ်းမြတ်၏ အခန်းကဏ္ဍအမှတ်(၅)ကို စူရာဟ် မာအိဒဟ် ဟူ၍ အမည်သညာပြုထားခြင်းဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်တစ်အုပ်လုံးတွင် "အီးဒ်" ဟူသော နာမ်ပုဒ်သည် ဤတစ်အာယသ်၌သာလျှင် ပါရှိသည်။ (ကြည့်-ကုရ်အာန် ၅း၁၁၄)
قَالَ عِيسَى ابْنُ مَرْيَمَ
اللَّهُمَّ رَبَّنَا أَنزِلْ عَلَيْنَا مَائِدَةً مِّنَ السَّمَاءِ تَكُونُ
لَنَا عِيدًا لِّأَوَّلِنَا وَآخِرِنَا وَآيَةً مِّنكَ ۖ وَارْزُقْنَا
وَأَنتَ خَيْرُ الرَّازِقِينَ
အလ္လာဟ်အရှင်မြတ်က မိမိနှင့် မိမိအွမ္မသ်အတွက် နေ့အ်မသ် ကျေးဇူးပြုသည့် နေ့ရက်ကို အထိမ်းအမှတ်ပွဲကို အစဉ်အလာအားဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း အီစာနဗီတမန်တော်၏ လျှောက်ထားပန်ကြားချက်သည် မိမိအလိုနှင့် ကိုက်ညီသောကြောင့်သာ အလ္လာဟ်အရှင်မြတ်က ကုရ်အာန်၌ ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါမူသည် ကောင်းကင်ကျ ဘာသာတရားများ ဖြစ်ကြသော ယဟူဒီ၊ ခရစ်ယာန်နှင့် အစ္စလာမ့် ဘာသာကြီး(၃)ရပ်စလုံး၌ တူညီသော အခြေခံမူတစ်ရပ်ဖြစ်ကြောင်း သိမြင်နိုင်၏။
*****

No comments:
Post a Comment